ပလက်ဝမြို့နယ်က အစိုးရဝန်ထမ်းများ၏ လစာကို AA သိမ်းယူ

ပလက်ဝမြို့နယ်က အစိုးရဝန်ထမ်းများ၏ လစာကို AA သိမ်းယူ

ဝင်းညွန့်  - ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အစိုးရဝန်ထမ်းများ၏ လစာကို ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် (၉)နာရီကျော်ခန့်တွင် ရက္ခိုင့်တပ်တော်(AA)က သိမ်းယူသွားသည်ဟု ဒေသခံများထံက သိရသည်။

တရွန်အိုင်ကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများသည် ပလက်ဝမြို့နယ်မှ လစာထုတ်၍ပြန်လာစဉ် မောင်နှမကျေးရွာ ချောင်းအနီးတွင် စက်လှေကိုတားပြီး လစာများသိမ်းဆည်းခံရခြင်း ဖြစ်သည်။ သိမ်းဆည်းခံရသည့်လစာများမှာ ရဲဝန်ထမ်းလစာ ငွေကျပ်သိန်း(၄၀)ကျော်နှင့် ပညာရေးဝန်ထမ်းလစာ ငွေကျပ်သိန်း (၂၀)ကျော်တို့ ဖြစ်သည်။

“ သူတို့လိုချင်တာက ရဲလစာတွေကိုပါ။ ကျနော့်ဆီမှာ ရဲလစာ ၄၀ ကျော်ပါတယ်။ သူတို့မေးတာကတော့ သိန်း ၁၀၀ လို့ ကြားထားတယ်လို့ပြောတယ်။ သိန်း ၁၀၀ မပြည့်တော့ ကျနော်တို့လစာတွေကိုလည်း လုံခြုံရေးအရ သိမ်းထားလိုက်တယ်။ ကျနော်တို့လစာကိုတော့ ပြန်ပေးမယ်လို့ပြောတယ်။ သိမ်းထားလိုက်တဲ့ သဘောပါ” ဟု အလယ်တန်းပြဆရာ ဦးအောင်နေမိုးက DMG သို့ပြောသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်းများ၏ လစာများကို ပြန်ပေးမည်ဟု AA က ဖုန်းဆက်လာသောကြောင့် လစာများယူရန် သွားနေကြကြောင်း တရွန်အိုင်ကျေးရွာ ပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

ရဲတပ်ဖွဲ့သည် မိမိတို့နှင့်တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းထဲတွင် ပါဝင်နေသောကြောင့် ၎င်းတို့၏လစာများကို သိမ်းဆည်းခြင်းဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“မြန်မာ့နိုင်ငံရဲတပ်ဖွဲ့ပိုင်တဲ့ သိန်း ၄၀ ကျော်ကို ကျနော်တို့ သိမ်းဆည်းလိုက်တာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့ဟာ ကျနော်တို့တိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းထဲမှာပါတယ်။ အဲဒါကြောင့်မို့လို ရန်သူလက်နက်ကိုင်တွေရဲ့ငွေကို သိမ်းဆည်းလိုက်တာရှိတယ်။ ဒါပေမဲ့ ကျောင်းဆရာ၊ ဆရာမ လစာတွေကိုတော့ ပြန်ပေးလိုက်ပြီ” ဟု ၎င်းကဆိုသည်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား စစ်ရေးတင်းမာနေသည့်ဒေသဖြစ်ပြီး အစိုးရက အင်တာနက်ဖြတ်တောက်ထားသည့် ဒေသတစ်ခုလည်းဖြစ်သည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...