အင်တာနက်ပြန်ဖွင့်ရန် ဆန္ဒပြပြီးနောက် ရခိုင်နှင့်ချင်းက မြို့နယ်(၅)ခုကို အင်တာနက် ဖြတ်တောက်ပစ်

အင်တာနက်ပြန်ဖွင့်ရန် ဆန္ဒပြပြီးနောက် ရခိုင်နှင့်ချင်းက မြို့နယ်(၅)ခုကို အင်တာနက် ဖြတ်တောက်ပစ်

မြတ်ဆွေ - ကာလကြာရှည်စွာ အင်တာနက်ဖြတ်တောက်ထားသည့် ရခိုင်ပြည်နယ်က မြို့နယ်လေးခုကို အင်တာနက်ပြန်ဖွင့်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများ ဆန္ဒဖော်ထုတ်ပြီး တစ်လကျော်အကြာမှာ မြို့နယ်ငါးမြို့နယ်ကိုလည်း အင်တာနက် ထပ်မံဖြတ်တောက်ပစ်လိုက်သည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို  ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညနေ ၁၀ နာရီကစတင်ကာ အင်တာနက်ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ အင်တာနက်ဝန်ဆောင်မှုအား ခေတ္တရပ်ဆိုင်းထားမည်ဟု Ooredoo က မက်ဆေ့ပို့ခဲ့သည်။ ဖုန်းလက်ခံခေါ်ဆိုခြင်းနှင့် အခြားဝန်ဆောင်မှုများအား ပုံမှန်အတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဟု ဆိုထားသည်။

“ဒီအင်တာနက်ကို အရင်တုန်းကလည်း ပထမတစ်ခေါက်ဖြတ်ပြီးပြီး။ အဲဒီအချိန်လည်း ပြန်လည်ဖွင့်ပေးဖို့ ကျမတို့ အဆိုတွေလည်း တင်သွင်းခဲ့တယ်။ ပြန်ဖွင့်ပေးတယ်။ အခုတစ်ခါ ပြန်ပိတ်တယ်ဆိုတော့ ကျမတို့အနေနဲ့ လုံးဝ လုံးဝ မဖြစ်သင့်၊ မလုပ်သင့်လို့မြင်တယ်” ဟု ရသေ့တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် ရုံးပိုင်းဆိုင်ရာအလုပ်များနှင့် လူမှုစီးပွားထိခိုက်စေသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများက ပြည်သူများထိခိုက်ဒဏ်ရာရရှိမှု၊ ထွက်ပြေးတိမ်းရှောင်ရသူများ၏သတင်းကို စောင့်ကြည့်နေသည့် သတင်းမီဒီယာများအတွက်လည်း မျက်ခြေပျက်သွားနိုင်သည်ဟု မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်သည်။

“ပြည်သူတွေအပေါ်မှာကျူးလွန်မှုတွေ၊ စစ်ရေးနဲ့ပတ်သက်တယ်ဆိုပြီး အပြန်အလှန်ဖမ်းဆီးမှုတွေ ပိုများလာနိုင်တယ်။ အင်တာနက်ဖွင့်ထားသော အချိန်တွေမှာ သတင်းမီဒီယာတွေက စောင့်ကြည့်နေတဲ့အတွက် အဲဒါတွေကို မလုပ်ဝံ့ကြဘူး။ အင်တာနက် ပြန်လည်ဖြတ်တောက်လိုက်တော့ အဲလိုကိစ္စတွေကို တွန်းပို့သလိုမျိုးဖြစ်နေတယ်။ အခြေအနေတွေ ပိုပြီးဆိုးရွားသွားနိုင်တယ်။ လူအခွင့်ရေးချိုးဖောက်မှုတွေ ပိုများလာနိုင်တယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့်မင်းပြားမြို့နယ်တို့ကို ကြိုတင်သတိပေးခြင်းမရှိဘဲ ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က အင်တာနက်ဖြတ်တောက်လိုက်သည်။ စက်တင်ဘာလ ၁ ရက်နေ့တွင် ရခိုင်မြို့နယ်လေးခုမှလွဲ၍ တခြားမြို့နယ်များတွင် အင်တာနက်ပြန်ဖွင့်ပေးခဲ့သည်။

အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များတွင် စစ်ဘေးရှောင်(၁)သိန်းကျော်ရှိနေပြီး ၎င်းတို့မှာ သတင်းအချက်အလက်ရရှိမှု ဆုံးရှုံးမှုများ၊ အင်တာနက်ပေါ်မှာ ဗဟုသုတပညာရပ်ဆိုင်ရာများ လေ့လာခွင့်ရှုံးဆုံးနေသည်။

ထို့ပြင် စစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာလိုအပ်ချက်များကို ယခင်က အင်တာနက်ပေါ်တင်လိုက်ရာ အလှူရှင်များလာရောက်လှူဒါန်းမှုများရှိပြီး ယခုအခါ အင်တာနက်ဖြတ်တောက်လိုက်သောကြောင့် ထိုသို့တင်ရန် မဖြစ်နိုင်သဖြင့် စားနပ်ရိက္ခာထောက်ပံ့မှုနည်းပါးလာ၍ စစ်ဘေးရှောင်များအခက်အခဲရှိနေကြသည်။

ထိုသို့အကျပ်အတည်းးများဖြစ်ပေါ်နေသဖြင့် အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်အမတ် ဦးဦးလှစော၊ ဒေါ်ထုမေ တို့အပါအဝင် တက်ကြွလှုပ်ရှားသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အင်တာနက်ပြန်ဖွင့်ပေးရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်မြို့တွင် ရခိုင်အမတ်များအပါအဝင် တက်ကြွလှုပ်ရှားသူများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...