ကျောက်တော်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၍ ကလေးမိခင်တစ်ဦးသေဆုံးပြီး အမျိုးသားသုံးဦးဒဏ်ရာရ

ကျောက်တော်မြို့ထဲ ပစ်ခတ်မှုဖြစ်ပွား၍ ကလေးမိခင်တစ်ဦးသေဆုံးပြီး အမျိုးသားသုံးဦးဒဏ်ရာရ

အောင်ထိန် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ထဲမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပတ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ကလေးမိခင်တစ်ဦးသေဆုံးသွားပြီး အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ပစ်ခတ်မှုများကြောင့် ပိုက်သည်ရပ်ကွက်မှ အသက် ၂၅ နှစ်အရွယ် မအေးအေးခိုင် သေဆုံးသွားပြီး ပြည်တော်သာရပ်ကွက်မှ အသက် (၁၉)နှစ်အရွယ် မောင်စောဖြူ၊ အသက် (၆၇)နှစ်အရွယ် ဦးမောင်စောလှ နှင့် အသက် (၄၁)နှစ်အရွယ် ဦးကျော်သိန်းထွန်းတို့ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

နံနက်ပိုင်းက မြို့ထဲမှာ ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက်ပိုင်း မဟာကံကြီးရှင်ဘုရားအနီးမှာ ယာယီစခန်းချထားသည့် တပ်မတော်၏ ပစ်ခတ်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဦးကျော်သိန်းထွန်း၏ ဇနီး ဒေါ်လှလှရီက စွပ်စွဲပြောသည်။

“ဘုရားကြီးမှာစစ်သားတွေရှိတယ်။ အဲဒီစစ်သားတွေကပစ်တာ။ သူတို့ပစ်လို့လက်နက်ကြီးကျတာ။ လက်နက်ကြီးသုံးကြိမ်လောက်ပစ်တယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့လည်းပစ်သေးတယ်” ဟု ၎င်းကဆိုသည်။

ပစ်ခတ်မှုကြောင့် ဦးကျော်သိန်းထွန်းမှာ လိင်အင်္ဂါနှင့်ဆီးခုံမှာ ဒဏ်ရာရရှိသွားပြီး ဦးမောင်စောလှမှာ ညဘက်ကျောကုန်းမှာ ဒဏ်ရာရရှိသွားသည်။ ယင်းအပြင် မောင်စောဖြူမှာ ညဘက်တင်ပါးမှာ ဒဏ်ရာရရှိသွားသည်။

ယင်းသုံးဦးအနက် ဒဏ်ရာပြင်းထန်သူ ဦးကျော်သိန်းထွန်းကို စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး တခြားသူများကို ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များကို AA က လာရောက်ပစ်ခတ်သောကြောင့် အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သော်လည်း လူထိခိုက်၊ဒဏ်ရာရရှိမှုကို မသိဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“အဲဒီမှာ အစိုးရအဆောက်အအုံတွေကို လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေရှိတယ်။ ဘဏ်လုံခြုံရေး လုပ်နေတာရှိတယ်။ နောက်ပြီး မဟာကံကြီးရှင်ဘုရားနားမှာ ရှိတယ်။ အဲဒီနားမှာ လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို AA က အနောက်ဘက်က လာပြီးတော့ပစ်တာ။ ဒီလိုလုပ်တာက သုံးကြိမ်လောက်ရှိပြီ။ ခဏခဏလာပစ်နေတယ်။ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးလုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို AA လာပစ်တာ။ ပစ်တဲ့အတွက်ကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာတော့ရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အရပ်သားများ သေဆုံး၊ဒဏ်ရာရရှိသွားခြင်းမှာ မဟာကံကြီးရှင်ဘုရားတွင် လချီကြာမြင့်စွာ စခန်းချနေထိုင်နေသည့် မြန်မာ့တပ်မတော်၏ တပ်မ(၅၅)မှ အင်အား (၂၃၀)ခန့်ပါ စစ်ကြောင်းတစ်ခု၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်ဟု ရက္ခိုင့်တပ်တော်(AA)က  ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...