ချင်းပြည်နှင့် မကွေးတိုင်း နယ်နိမိတ် ဝါးတားဂိတ်များ ဆက်လက် ထားရှိမည်

ချင်းပြည်နှင့် မကွေးတိုင်း နယ်နိမိတ် ဝါးတားဂိတ်များ ဆက်လက် ထားရှိမည်

Salai C.Lian — ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နယ်နိမိတ်များတွင် မောင်းတံဂိတ် ထားပြီး ယာဉ်များထံက ငွေကြေးကောက်ခံမှုများကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရကိုယ်စား နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက လွှတ်တော်တွင် ဖြေကြားသည်။

“ရလာတဲ့အခွန်တွေကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒေသဖွံ့ဖြိုးရေးရံပုံငွေအဖြစ် အသုံးပြုထားတယ်၊ ဝါးတားဂိတ်များ ထားရှိမှုကြောင့် ဘဏ္ဍာနှစ်အလိုက် အခွန်တိုးလာတယ်၊ အဲဒါကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ဝါးတားဂိတ်များကို ဆက်လက်ထားမယ်” ဟု ၎င်းက ပြောသည်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဝါးတားဂိတ်များပြုလုပ်၍ ဓာတ်သတ္တုခွန် ကောက်ခံခြင်းဟုဆိုကာ မောင်းတံဂိတ်များ ဖွင့်လှစ်၊ အဝင်အထွက်ကားများထံမှ  ကောက်ခံစစ်ဆေးနေခြင်းကို ရုတ်သိမ်းပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့သည့်အပေါ် နေပြည်တော်ကောင်စီဝင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်အမတ်က ယင်းကိစ္စကို  မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့ထွက်ပေါက်လမ်းပေါ်၊ ဆောမြို့နယ်၊ ကံကြီး-မင်းတပ်-မတူပီ ထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတားဂိတ် ပြုလုပ်၊ မကွေးတိုင်းဒေသကြီးက ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ အဝင်အထွက်ကားများထံ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဓာတ်သတ္တု နယ်ကျော်တရားမဝင် သယ်ဆောင်မှုမရှိစေရေးအတွက် မုံရွာ-ပုလဲ-ဂန့်ဂေါ-ဟားခါးလမ်း၊ မိုင်တိုင် (၁၂၀/၁) ၁ ဂိတ်၊ ဂန့်ဂေါ-အိုက္ကားလမ်း၊ မိုင်တိုင် (၄/၂) ၁ ဂိတ်၊ ဆိပ်ဖြူ-ဆော-ကန်ပက်လက်၊ မိုင်တိုင် (၆၉/၂) ၁ ဂိတ်၊ ပခုက္ကူ-ပေါက်-ကျောက်ထု-ကံကြီး-မင်းတပ်လမ်း၊ မိုင်တိုင် (၈၇/၄-၈၇/၅) ၁ ဂိတ် တို့ကိုဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး နယ်နိမိတ်ချင်း ထိစပ်နေသည့် ဝါးတားဂိတ်များသည် တိုင်းရင်းသားပြည်သူများ စိတ်ဝမ်းကွဲပြားမှုများအပြင် ခရီးသွားပြည်သူများကို အနှောင့်အယှက်ပေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဆိုသည်။

 “နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အစိုးရသတ်မှတ်တဲ့အခွန်အရ ပေးဆောင်ရတာမှန်ပေမဲ့ ပြည်နယ်တိုင်းဒေသကြီးတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ယခင်က ခေတ်အဆက်ဆက် မတားဆီးခဲ့တဲ့ မောင်းတံဂိတ်ဖွင့်လှစ်ထားရှိတာဟာ ပြည်မနဲ့ ချင်းတိုင်းရင်းသား ပြည်သူတွေကြား အထင်မှားလွဲ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်စေတယ်၊ ဒါ့အပြင် ဓာတ်သတ္တုတင်မဟုတ်ပဲ ခရီးသွားပြည်သူအားလုံး တာဝန်အရ စစ်ဆေးခြင်းဟာလည်း အနှောင့်အယှက် ဖြစ်စေတယ်” ဟု ဦးညွန့်ဝင်းက ပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့က ဖော်ပြပါအတိုင်း ဝါးတားဂိတ်ထားရှိပြီး ငွေကြေးကောက်ခံမှုကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၅၇၆၇၈၀၀ သိန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈၀၀၀၀၀၀ သိန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၇၆၄၂၂၀၀ သိန်း၊ ၂၀၁၈ – မီနီဘတ်ဂျက် ဘဏ္ဍာနှစ်တွင် ၃၆၇၀၉၄၀ သိန်းနှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၇၀ ၅၃၁ ၉၇၈ သိန်း အခွန်ငွေရရှိကြောင်း သိရသည်။

April 3, 2026
ချင်းပြည်နယ်၊ လောက်တူဒေသရှိ ဒေသခံပြည်သူတွေရဲ့စုပေါင်းရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့တဲ့...
April 2, 2026
DonBosco — လက်ရှိမှာ အာဏာသိမ်းစစ်ကော်မရှင်က ရွေးကောက်ပွဲများ ကျင်းပပြီးနောက်...
April 2, 2026
မကွေးတိုင်း အရှို (ချင်း) လူမျိုးများတည်ရှိရာဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ ချင်းကာကွယ်ရေးတပ် ( CDF...
April 1, 2026
တီးတိန်ခရိုင် လမ်းဦးစီးဌာန အောက်ရှိ လုပ်ငန်းများတွင် တင်ဒါ ရရှိ လုပ်ကိုင် နေတဲ့ ကုမ္ပဏီများကို...