၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က တင်ပြခဲ့သော်လည်း မျှတမှုမရှိသောကြောင့်ဟု ဆိုကာ လွှတ်တော်အမတ်များက ကန့်ကွက်မှုကြောင့် ပြန်လည်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြောင်း မတူပီမြို့နယ်မှ လွှတ်တော်အမတ် ဦးအောင်လျန်ထံမှ သိရသည်။
ဇန်နဝါရီလ ၃ဝရက်နေ့က ကျင်းပခဲ့သည့် ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြည်နယ်အစိုးရက ယင်းသို့ တင်ပြထားခြင်းဖြစ်သည်။
“လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍမှာ ဘတ်ဂျက်ရေးဆွဲရင် သက်ဆိုင်ရာဒေသ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သဘောထားကိုလည်း တောင်းဆိုရမယ်ဆိုပြီးပါတယ်၊ သူတို့က ဘတ်ဂျက်အကန့်အသတ်ကြောင့် ဆိုတဲ့ဟာကိုအကြောင်းပြပြီးတော့ ဝန်ကြီးရှိတဲ့ မဲဆန္ဒနယ်ကိုပဲ ဦးစားပေးပြီးတော့ ဘတ်ဂျက်ရေးဆွဲထားတဲ့အတွက် ကျနော်ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးကလည်း ကန့်ကွက်ကြတယ်၊ အဲဒါကြောင့် ၄ရက်နေ့မှာ အစည်းအဝေးပြန်လုပ်ပြီးတော့ ပြန်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်”ဟု လွှတ်တော်အမတ် ဦးအောင်လျန်က ပြောသည်။
၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက်အတွက် ချင်းပြည်နယ်၏ ခွဲတမ်းရရှိမှုကို ပြည်ထောင်စုအစိုးရက ဒီဇင်ဘာလ ပထမပတ်တွင် ကြေညာခဲ့ပြီး ဒီဇင်ဘာလ ၁၂ရက်တွင် သက်ဆိုင်ရာဌာနများမှ ဘတ်ဂျက်ရေးဆွဲရန်နှင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် နောက်ဆုံးပေးပို့ရန် ချင်းပြည်နယ်အစိုးရက ညွှန်ကြားခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်က “သူတို့မှာက လေ့လာဖို့အချိန်နည်းတယ်၊ ပြင်ဆင်ချိန်နည်းတယ်ဆိုပြီးပြောတော့ လာမယ့် တနင်္လာ အင်္ဂါမှာ ပြန်ဆွေးနွေးဖို့ ညှိနှိုင်းထားပြီးပါပြီ၊ အခုက ဖြည့်စွက်ဘက်ဂျက်ဖြစ်တဲ့အတွက် BE မှာ မပြီးသေးတဲ့လုပ်ငန်းတွေအတွက်ကိုပဲ ထည့်ဖို့ထားတာပါ၊ ဝန်ကြီးရှိတဲ့နေရာတွေပဲ ရတယ်ဆိုတာက မဟုတ်ပါဘူး”ဟု ပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘတ်ဂျက်ရေးဆွဲရာတွင် မျှတမှုမရှိကြောင်း ယခင်နှစ်တွင်လည်း လွှတ်တော်အမတ်အချို့က ဝေဖန်မှုများရှိခဲ့ပြီး နောက်ပိုင်း ဘတ်ဂျက်ရေးဆွဲရာတွင် မျှမျှတတဖြစ်ရန် လုပ်ဆောင်သွားမည်ဟု ကတိပေးခဲ့ဖူးကြောင်းသိရသည်။
လွှတ်တော်အမတ် ဦးအောင်လျန်က“သူတို့ကတိမတည်တဲ့အတွက် ကျနော်တို့အနေနဲ့ လုံးဝကန့်ကွက်လိုက်တဲ့အချိန်မှာမှ ပြန်ပြင်မယ်ဆိုပြီး တောင်းတောင်းပန်ပန်နဲ့ ပြောလာတယ်၊ အမှန်က လွှတ်တော်ကိုယ်စားလှယ်ကို အရင်မေးရမှာလေ၊ အဲဒါမှလည်း ဟိုဘက်ဒီဘက် မျှမျှတတရှိမှာ၊ လွှတ်တော်ကိုယ်စားလှယ်တွေ မညီတာကို သူတို့သိလို့ ဒီလိုမျိုးအကွက်တွေ အမြဲတမ်းလုပ်နေတာ ဒီတစ်ခါတော့ ကျနော်တို့ ညီကြောင်းကို ပြောလိုက်တော့ သူတို့ဘာမှလုပ်လို့မရတော့ဘူး”ဟု ပြောသည်။







