ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် အရှိုချင်းလူမျိုး (၄၀၀) ဝန်းကျင်လောက်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသရေးအတွက် အရေးပေါ် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အရှိုချင်း စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးနေလင်းက ပြောသည်။
အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးနေလင်းက “အရှိုချင်းဒုက္ခသည် ငါးရာနီးပါးရှိတယ်။ ရခိုင်တွေလည်း နည်းနည်းပါတယ်။ အရှိုချင်းက လေးရာလောက်ရှိတယ်။ ပြောင်းရွေ့လာတဲ့ စစ်ဘေးရှောင်တွေမှာ အခက်ခဲလည်းအများကြီးရှိတယ်။ အဓိက အခက်ခဲတော့ ကျန်းမာရေးနဲ့ ပက်သက်ပြီး ပိုက်ဆံကမရှိ နောက်ပြီး စားဝတ်နေရေးမှာ အခက်ခဲဖြစ်တယ်”ဟုပြောသည်။
ကျန်းမာရေးနှင့်ပတ်သက်ပြီး အများနှင့် နေထိုင်ရခြင်းဖြစ်သဖြင့် ကလေးအများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများလည်း လက်ရှိတွင် ကြုံတွေ့နေရကြောင်းသိရသည်။
အမ်းမြို့ပေါ်တွင် အရှိုချင်းစစ်ဘေးရှောင် ရွာသား (၅၀၀)နီးပါးရှိပြီး (၃၀၀)နီးပါးလောက်ကို ယာယီစစ်ရှောင် စခန်းအဖြစ် ဖွင့်လှစ်ထားသည့် မြို့နယ်အားကစားခန်းမတွင် နေထိုင်ကြပြီး ကျန်(၂၀၀)လောက်မှာ နီးစပ်ရာဆွေမျိုးများထံတွင် နေထိုင်ကြကြောင်း သိရသည်။
အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုဥက္ကဌ ဦးနေလင်းက “ဒုက္ခသည်တွေ သူတို့ရေရှည် နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး ထွေအုပ်တို့နဲ့တော့ မြို့နယ်မှာ ညှိနှိုင်းတာတို့တော့ရှိတယ်။ ကျောင်းသားတွေ စာမေးပွဲပြီးတဲ့အထိ ဒုက္ခသည်စခန်းမှာထားပြီးတော့ ပြည်နယ်တို့ ခရိုင်တို့ဖက်ကနေ ရွာတည်ပေးရင် ရွာတည်သွားဖို့ရှိတယ်။ တစ်နှစ်ဖြစ်ဖြစ် ခြောက်လကျော်ကျော် ဖြစ်ဖြစ် ကြာမယ်ထင်တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ စစ်ဘေးရှောင်များ အခက်အခဲနှင့် ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် ၎င်းစစ်ဘေးရှောင်များ အမြဲတမ်းနေထိုင်နိုင်ရန် စီစဉ်ရန်မှာ စောသေးကြောင်း သတင်းမီဒီယာများသို့ ပြောကြားထားသည်။
စစ်ဘေးရှောင်များထဲတွင် ကျောင်းနေရွယ် ကလေးငယ်(၁၀၀) ကျော်ပါရှိနေပြီး ၎င်းကလေးတို့ ပညာသင်ယူရန် ကျောင်း(၅)ကျောင်းတွင် ကျောင်းအပ်ခွင့်ပြုထားကြောင်းသိရသည်။
စစ်ဘေးရှောင်ဒုက္ခသည်များ ရွာတည်ပေးနိုင်ပါက ရွာသွားလမ်းများ ၎င်းတို့၏ နေထိုင်မည့် အဆောက်အအုံများ အသက်မွေးဝမ်းကျောင်းများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ငွေကြေးများ ထောက်ပံ့ပေးစေလိုကြောင်းလည်း ဦးနေလင်းက ပြောသည်။
ဇန်နဝါရီလ အစောပိုင်းက ရက္ခိုင့်တပ်မတော် AAအဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ အကြားတိုက်ပွဲများ ပြင်းထန်ခဲ့သောကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်၊ မက်လမောင်းနှင့် ကဇုကိုင်းကျေးရွာ အုပ်စုမှ အရှိုချင်း ရွာသားများသည် အမ်းမြို့ပေါ်နှင့် မကွေးတိုင်း ဒေသကြီးဖက်သို့ ပြောင်း ရွေ့လာခဲ့ကြသည်။
မကွေးတိုင်းဖက်သို့ ပြောင်းရွေ့ပြီးသည့် အရှိုချင်း စစ်ဘေးရှောင်မှာ တစ်ရာကျော်ဝန်းကျင်ရှိပြီး နောက်ထပ်ပြောင်းရွေ့ချင်သည့် စစ်ဘေးရှောင် အရှိုချင်းများမှာ မှတ်ပုံတင်မရှိကြခြင်းကြောင့် ပြောင်းရွေ့၍ မရသေးကြောင်းသိရသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ စစ်ဘေးရှောင်လာသူများမှာ လက်ရှိမကွေးတိုင်းဒေသရှိ မင်းဘူးရွာ ငဖဲရွာ သရက်နှင့် မင်းတုံးမြို့နယ် ဘက်တွင် တိမ်းရှောင်နေထိုင်ကြပြီး အချို့မှာ ဆွေမျိုးအိမ်များတွင် နေထိုင်ပြီး အချို့မှာ ဘုရားကျောင်းတို့တွင် နေထိုင်ကြကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။







