ခူမီးမျိုးနွယ်စုကို ရခိုင်မျိုးနွယ်ဝင်အဖြစ် ရေးသားသုံးနှုန်းဖော်ပြခြင်း မပြုရန် ချင်းပါတီ သတိပေး

ခူမီးမျိုးနွယ်စုကို ရခိုင်မျိုးနွယ်ဝင်အဖြစ် ရေးသားသုံးနှုန်းဖော်ပြခြင်း မပြုရန် ချင်းပါတီ သတိပေး

ရက္ခိုင့်တပ်တော်(အေအေ) အနေဖြင့် ချင်းလူမျိုးနွယ်စုဝင်ဖြစ်သော ခူမီးမျိုးနွယ်စုများကို ရခိုင်မျိုးနွယ်စုဝင်များအဖြစ် နောက်နောင်တွင် ရေးသားသုံးနှုန်းဖော်ပြခြင်း မပြုရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ပါတီက သတိပေး ပြောဆိုလိုက်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်မတော်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ခူမီးမျိုးနွယ်စုများကို ရခိုင်မျိုးနွယ်စု အဖြစ် ခေါ်ဝေါ်ခြင်း၊ ခူမီးမျိုးနွယ်စုများ နေထိုင်သည့် ပလက်ဝမြို့နယ်ကို ရခိုင်ဘိုးဘွားပိုင်နယ်မြေ ဖြစ်စေနိုင်သည့် စကားလုံးအသုံးအနှုန်းပါရှိသည့်အတွက် (CNLD) ပါတီက ထိုကဲ့သို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

CNLD ပါတီ အထွေထွေအတွင်းရေးမှူးတစ်ဦးဖြစ်သည့် ဦးရှိန်းထွန်းက “ကျနော်တို့ သမိုင်းကြောင်း ပြန်လိုက်တယ်။ နောက် ဘာသာစကား ပြန်လိုက်တယ်။ နောက် ထုံးတမ်းဓလေ့စဉ်လာ ကျနော်တို့ ပြန်လိုက်တယ်။ ပြန်လိုက်တဲ့အခါမှာ မြို ခေါ် ခမီးက ချင်းအနွယ်တွေပါပဲ။ ဒါပေမဲ့ သူတို့ကတော့ ဘာဖြစ်သွားလဲဆိုတော့ ရခိုင်ရဲ့ အောက်မှာ ဖိနှိပ်မှု ရှိလာတဲ့အခါကျတော့ တချို့တွေကတော့ ရခိုင်မျိုးနွယ်စုထဲ ပါချင်တဲ့ဟာ ရှိတယ်။ တချို့အုပ်စုကျတော့ ချင်းထဲမှာပဲ ပါချင်တယ်။ အဲဒီလိုတော့ ရှိတယ်။ ခူမီးကတော့ ချင်းပါပဲ”ဟု ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အများစုမှီတင်းနေထိုင်ကြသော ခူမီးမျိုးနွယ်စုသည် ဘာသာဗေဒ၊ ရိုးရာဓလေ့ထုံးတမ်းနှင့် ဆင်းသက်လာပုံ သမိုင်းကြောင်းအရ ချင်းလူမျိုးထဲတွင် ပါဝင်သည့် မျိုးနွယ်စု တစ်စုဖြစ်ပြီး ပလက်ဝမြို့နယ်သည် ခူမီးချင်းမျိုးနွယ်စုနှင့် အခြားချင်းမျိုးနွယ်စုအချို့က ရှေးပဝေသဏီကာလကပင် ဓားမဦးချ အစဉ်အဆက် နေထိုင် ပိုင်ဆိုင်လာခဲ့သော ချင်းပြည် (Chin land) နယ်မြေ ဖြစ်သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေများအရလည်း ချင်းပြည်နယ်ဖြစ်ပါသည်ဟု CNLD ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ခူမီးမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စုဝင်များအဖြစ် ရေးသားသုံးနှုန်းဖော်ပြခြင်း၊ ရခိုင်ဘိုးဘွားပိုင်နယ်မြေတွင် ပလက်ဝမြို့နယ်ပါဝင်နေကြောင်း သွယ်ဝိုက်ဖော်ပြမှုများသည် အများ ထင်ယောင်ထင်မှားဖြစ်စေနိုင်ပြီး ရခိုင်လူမျိုးနှင့် ချင်းလူမျိုးအကြား နားလည်မှုလွဲမှားပြီး ငြိမ်းချမ်းစွာ အတူနေထိုင်မှုများကို ထိခိုက်စေနိုင်ခြင်းတို့ကြောင့် နောက်နောင်တွင် ဤကဲ့သို့ ရေးသားသုံးနှုန်းမှုများ မပြုလုပ်ပါရန် အလေးအနက်တိုက်တွန်းသည်ဟု (CNLD) ၏ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်က ခူမီးမျိုးနွယ်စုကို ရခိုင်မျိုးနွယ်စုဝင်များအဖြစ် ရေးသားဖော်ပြသည့်ကိစ္စနှင့်ပတ်သက်၍ ဗဟိုချင်းလူငယ်အဖွဲ့အစည်း၊ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)၊ ခူမီးလူငယ်အဖွဲ့တို့ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး ဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...