မြောက်ဦးယူနက်စကိုဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာ တင်သွင်းထားပြီ

မြောက်ဦးယူနက်စကိုဝင်နိုင်ရေး အပြီးသတ်အဆိုပြုလွှာ တင်သွင်းထားပြီ

ကျော်သူဌေး — မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေးအတွက် အပြီးသတ် အဆိုပြုလွှာကို ဇန်နဝါရီလ ၂၇ရက်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ယခုတင်သွင်းလိုက်သည့် အဆိုပြုလွှာတွင် အကြောင်းအရာအမျိုးအစားပေါင်း ၂၅ မျိုးပါဝင်ပြီး မြောက်ဦးနန်းတော်နှင့် ပတ်သက်သော အချက်အလက်များ၊ စီးပွားရေးနှင့်ပက်သက်သော အချက်လက်များ၊ ဘာသာရေးနှင့်ပက်သက်သောအချက်လက်များ အဓိကပါဝင်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ကျမတို့က အခုပေးပို့လိုက်တာကို သူတို့လာစစ်ပါဦးမယ်။ ဇူလိုင်လလောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်။ သူတို့က ဘယ်သူ့ကိုမှ အသိမပေးဘဲနဲ့ ခရီးသွားအနေနဲ့တစ်ခေါက်လာပါမယ်။ ကျမတို့တင်သွင်းလိုက်တာတွေဟာ တကယ်ရှိမရှိ၊ အစစ်မှန်ဖြစ်မဖြစ်၊ သူတို့ရဲ့ စည်းမျဉ်းတွေနဲ့ကိုက်ညီမညီ၊ စက်တင်ဘာလမှာ လာစစ်ပါမယ်” ဟု ၎င်းကဆိုသည်။

အပြီးသတ် အဆိုပြုလွှာမတင်မီ အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့သည့် ၂၀၁၉ စက်တင်ဘာလက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင်ရှိသည့် ကမ္ဘာ့အမွေအနှစ်စင်တာသို့ တင်သွင်းခဲ့သည်။ မြောက်ဦးဒေသကို ယူနက်စကို ဝင်မဝင် လာမည့် ၂၀၂၁ ခုနှစ်တွင် ဆုံးဖြတ်မည်ဖြစ်သည်။

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးကို ၂၀၁၇ ခုနှစ် မှစတင်၍ ပြည်တွင်းပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အမွေအနှစ်ချစ်မြတ်နိုးသူများ၊ ပြည်ပပညာရှင်များ၊ UNESCO၊ အီတလီနိုင်ငံ AICS အဖွဲ့ ၊ ဒေသခံများနှင့် ပူးပေါင်းကာ ကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများလည်းရှိနေပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုများလည်း ရှိနေသည်။ ယင်းကြောင့် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

<><><>

ဓာတ်ပုံ - ချမ်းအေး(C&T Design and Editing)

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...