ကုလားတန်မြစ်ကူးတံတား ၈၅ ရာခိုင်နှုန်း ပြီးစီး၊ မတ်လတွင် အပြီး တည်ဆောက်မည်

ကုလားတန်မြစ်ကူးတံတား ၈၅ ရာခိုင်နှုန်း ပြီးစီး၊ မတ်လတွင် အပြီး တည်ဆောက်မည်

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကုလားတန်မြစ်ကူးတံတားကို ယခုနှစ် မတ်လအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဦးစိုးထက်က “အခုက ၈၅ ရာခိုင်နှုန်းလောက်တော့ ပြီးပြီလို့ သိရတယ်၊ မတ်လလောက်ဆိုရင်တော့ သူတို့ပြီးမယ်၊ ဆိုတော့ နိုင်ငံတော်အစိုးရကို တင်ပြပြီးမှ ပြည်ထောင်စုအဆင့်တွေ လာရောက်နိုင်မယ့်အချိန် ဖွင့်လှစ်ဖြစ်မယ်လို့တော့ ကျွန်တော်ထင်တယ်၊ အဓိကတော့ ပြည်ထောင်စုအဆင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ ကမကထ လုပ်ပြီးတော့ ပြည်ထောင်စုဘတ်ဂျက်နဲ့ လုပ်တာဆိုတော့ အတိအကျ ပြောလို့မရသေးဘူး” ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတားစီမံကိန်း ပြီးစီးပါက ချင်းပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူ ရှိလာမည်ဖြစ်ပြီး ဒေသခံများအတွက် အကျိုးရှိစေမည့် စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။

ယင်းအပြင် ချင်းပြည်နယ် ပလက်ဝနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ဇိုရမ်ပူရ်သို့ ကူးသန်းရောင်းဝယ်နိုင်ရန်အတွက်လည်း လမ်းဖောက်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဇန်နဝါရီလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း အမြန် ပြီးမြောက်နိုင်ရန်အတွက် အနှောင့်အယှက်မရှိဘဲ ပစ္စည်းများ အချိန်မီ ရောက်ရှိပြီး လုပ်ငန်း ပုံမှန် လည်ပတ်နိုင်ရန် လိုအပ်ကြောင်း ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦးစိုးထက်က “အရင်တုန်းကတော့ အေအေက သံဘောင်တွေ မီးရှို့တဲ့အတွက် အခုလို နောက်ကျတာဖြစ်တယ်၊ အခုနောက်ပိုင်းတော့ သယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေတယ်၊ ဆိုတော့ လုပ်ငန်းမြန်သွားတာပေါ့” ဟု ပြောသည်။

ကုလားတန်မြစ်ကူးတံတားစီမံကိန်း ပြီးစီးပါက ချင်းပြည်နယ် ပလက်ဝမှတစ်ဆင့် အိန္ဒိယဖက်သို့ လွယ်ကူစွာ ကူးသန်းရောင်းဝယ်မှု ပြုလုပ်နိုင်မည့်အပြင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝနှင့်နီးစပ်သည့် မတူပီသို့လည်း လွယ်ကူစွာ ကူးသန်းရောင်းဝယ် လုပ်ဆောင်နိုင်မည်ဖြစ်သသည်။ ဟားခါး၊ မန္တလေး၊ ရန််ကုန်အပြင် မြန်မာနိုင်ငံအနှံ့ ရာသီမရွေး သွားလာနိုင်ရန် အထောက်အကူဖြစ်မည့် စီမံကိန်းလည်း ဖြစ်သည်။

ကုလားတန်ဘက်စုံသုံးစီမံကိန်းအတွက် သယ်ယူပို့ဆောင်ရေးစီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၄၈၄)သန်းခန့် ဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အခြားနိုင်ငံများအတွက် ကူညီထောက်ပံ့ပေးသည့် ငွေပမာဏတွင် အများဆုံးပမာဏဖြစ်သည်။

April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...
April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...