AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုများ ရှိသည်ဟု ဆိုကာ မြေပုံ၊ စညှင်း စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့ရန် တပ် အသိပေး

AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုများ ရှိသည်ဟု ဆိုကာ မြေပုံ၊ စညှင်း စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့ရန် တပ် အသိပေး

ဝင်းညွန့်၊ ခင်သရဖီဦး — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညှင်းရွာစစ်ဘေးရှောင်စခန်းသို့ AA က ရွာသားအသွင်ဖြင့် ဝင်၊ ထွက်မှုများရှိနေပြီး ဆက်စပ်မှုများရှိနေခြင်းကြောင့် စခန်းတွင်နေထိုင်သူများ အန္တရာယ်ရှိကြောင်းတွေ့ရှိရသဖြင့် တခြားနေရာသို့ ပြောင်းရွှေ့ရန် စစ်ဘေးရှောင်များကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အသိပေးခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ထို့ပြင် ယင်းစစ်ဘေးရှောင်စခန်းနေရာတစ်ဝိုက်၌ တပ်မတော်နှင့်AA ကြား  တိုက်ပွဲ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး မြေပြင်သတင်းများ ရရှိမှုအရ AA က ခိုအောင်းအခြေပြုနေသည့် စခန်းနေရာနှင့် နီးကပ်စွာ တည်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ အန္တရာယ်ကင်းရှင်းစေရန်အတွက် ဘေးကင်းရာနေရာသို့ ပြောင်းရွှေ့ပေးနိုင်ရေး ပြည်နယ်အစိုးရသို့ အကြောင်းကြားထားပြီး သင့်တော်သည့်နေရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် သွားရောက် ရှင်းလင်းပြောကြားခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၇ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့်က တပ်မ ၆၆ စစ်ကြောင်းမှ တပ်မတော်သားတချို့ စညှင်းစစ်ဘေးရှောင်စခန်းသည် တိုက်ပွဲဖြစ်ပွားမှုရှိနေသည့်နေရာနှင့် နီးစပ်သောကြောင့် တခြားနေရာသို့ပြောင်းရွှေ့ရန် ပြောဆိုခဲ့သည်။ ထို့အပြင် စခန်းပြောင်းရွှေ့ရန်အတွက် အထက်မှ အမိန့်ကျထားသည်ဟုလည်း ပြောဆိုခဲ့ကြောင်း စခန်းတာဝန်ရှိသူ အရှင်သဘာဝနဒီက မိန့်ကြားသည်။

“သူတို့က တာဝန်ရှိပုဂ္ဂိုလ်လားတော့ မသိဘူး။ ရဲဘော် ၅ယောက် ဝင်လာတယ်။ ဒုက္ခသည်စာရင်း ကောက်ချင်လို့ပါ ပြောတယ်။ ဒုက္ခသည်တွေကို ဒီနေရာမှာ နေလို့ မသင့်တော်ဘူး။ ဒီနေရာက တိုက်ပွဲဖြစ်ပွားနေတာနဲ့ ငါးမိုင် ၆ မိုင်လောက်ပဲ ဝေးတယ်။ နောက်ပြီး ဒီစခန်းကို ဒီနေရာမှာ မတည်ရှိဖို့အတွက်ကိုလည်း နယ်/လုံဝန်ကြီးဆီကို တင်ပြထားတယ်လို့ ပြောတယ်။ ဒီစခန်းကို နေရာပြောင်းရွှေ့ဖို့အတွက်ကိုလည်း အထက်က အမိန့်ကျထာ တယ်လို့ပြောတယ်” ဟု ၎င်းကမိန့်ကြားသည်။

ယင်းစစ်ဘေးရှောင်စခန်းကို လွန်ခဲ့သည့် ၁၀ ရက်ကျော်ခန့်က တည်ဆောက်ခြင်းဖြစ်ပြီး မြေပုံမြို့နယ် အင်ကြင်း၊ ဟင်းခရော်၊ လေသွင်း ကျေးရွာက စစ်ဘေးရှောင်(၃၀၀)ခန့် နေထိုင်ကြသည်။ စစ်ဘေးရှောင်များမှာ ယင်းနေရာမှ ပြောင်းရွှေ့ရန် ဆန္ဒမရှိကြသော်လည်း စစ်ဘေးရှောင်စခန်းနေရာတစ်ခု တောင်းခံထားကြောင်း အရှင်သဘာဝနဒီက မိန့်သည်။

“ဘယ်နေရာကို ပြောင်းရွှေ့မယ်ဆိုတာတော့ မပြောခဲ့ဘူး။ ဦးဇင်းတို့ကလည်း နေရာတောင်းခံထားတယ်။ ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်အရ သူတို့အချိန်မရွေး ကိုယ့်ရွာကိုကြည့်နိုင်တဲ့ နေရာတစ်ခုကို တောင်းဆိုထားတာတော့ရှိတယ်။ ပေးဖို့၊မပေးဆိုတာ မသိဘူး”ဟု ၎င်းကမိန့်သည်။

တပ်မတော်ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)ကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

အဆိုပါစခန်းကို ဇန်နဝါရီလ ၂၅ ရက်နေ့၊ ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု လာရောက်ခဲ့ကာ အဆောင်အချို့နှင့် တာပေါ်လင်စများကို ဖျက်ဆီးခဲ့ပြီး စခန်းကိုဖျက်သိမ်းရန် ဖိအားပေးခဲ့သည်ဟု စခန်းတာဝန်ခံ ဦးဇင်းအာရက္ခက DMG ကို မိန့်ဆိုထားသည်။

သို့သော် ယင်းစစ်ဘေးရှောင်စခန်းကို လုံခြုံရေးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖျက်ဆီးခဲ့ခြင်းမရှိဟု တပ်မတော်ဘက်က မီဒီယာတစ်ချို့ကိုပြောထားသည်။

May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...