Salai C Lian - ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ဖြစ်ပွားရာ ဒေသ၊ တရုတ်ပြည်နိုင်ငံ ဟူဘေပြည်နယ် ဝူဟန်မြို့တွင် ပညာသင်နေသူ မြန်မာကျောင်းသား ၆၀ ကျော်ကို ဆေးစစ်ပြီး မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ရေး နှစ်ဖက်နိုင်ငံက ဆောင်ရွက်နေကြောင်း သိရသည်။
Zhongnan University of Economics and Law တွင် ပညာသင်ကြားနေသည့် ဒေါ်ခင်ကြည်ထွန်းက“အခု လောလောဆယ်တော့ ကျွန်မတို့ ဝူဟန်က ကျောင်းသားတွေ မိမိတို့ ကျောင်းမှာ ဘေးကင်းလုံခြုံ ကျန်းမာစွာ ရှိနေပါတယ်၊ တရုတ်နှစ်သစ်ကူးကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် စျေးဆိုင်တွေ အကုန်လုံးက ပိတ်ထားပါတယ်၊ မြန်မာသံရုံးကလည်း ဗိုင်းရပ်စ်အကြောင်း ကြားကြားချင်းမှာပဲ ဒီက ရှိနေတဲ့ ကျောင်းသားတွေနဲ့ အမြဲ အဆက်အသွယ် ရှိပါတယ်၊ ကျွန်မတို့ အိမ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။ မြန်မာဘက်က ခွင့်ပြုပါပြီ၊ တရုတ်ဘက်ကသာ မသေချာသေးတာပါ” ဟု ပြောသည်။
ရောဂါ ပျံ့ပွားမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့သောကြောင့် လွန်ခဲ့သည့် ရက်သတ္တပတ်က စ၍ Zhongnan University of Economics and Law ကျောင်း ဂိတ်တံခါး ပိတ်လိုက်ပြီး ရောဂါကာကွယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ အိမ်ပြန်နိုင်ဖို့ မြန်မာသံရုံးက ကူညီပေးနေပါတယ်” ဟု ဒေါ်ခင်ကြည်ထွန်းက ပြောသည်။
တရုတ်နိုင်ငံ အခြေစိုက် မြန်မာသံရုံးအနေဖြင့် မြန်မာပြည်ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးသော်လည်း ကျန်းမာရေးစိစစ်ဖို့ လိုအပ်လာပါက မိမိနိုင်ငံတွင်သာ စစ်လိုကြောင်း သူက ပြောသည်။
“ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ မိမိတို့ ကျောင်းမှာ ကျန်းမာစွာ ရှိနေတဲ့အချိန်မှာ Camp ထဲရောက်မှ ဒုက္ခရောက်မှာ ပိုးကူးမှာ ပို စိုးရိမ်တယ်၊ ဆေးစစ်တာကို မိမိနိုင်ငံမှာပဲ အစစ်ခံချင်ပါတယ်၊ အခုချိန်က ကျောင်းလည်း ပိတ်ထားပြီဆိုတော့ ကျွန်မတို့ အားလုံးအတွက် မိမိအိမ် ပြန်တာ အကောင်းဆုံးပဲလို့ ထင်ပါတယ်” ဟု ပြောသည်။
မြန်မာသံရုံးအနေဖြင့် တရုတ်နိုင်ငံရှိ Zhongnan University of Economics and Law ကျောင်းသား ကျောင်းသူများကို မြန်မာပြည် ပြန်နိုင်ရန် ဆက်သွယ်မှုများ ရှိခဲ့သော်လည်း အချို့ မြန်မာကျောင်းသား ကျောင်းသူများကိုမူ သံရုံးမှ ဆက်သွယ်မှု မရှိကြောင်း ဆိုသည်။
Central China Normal University တွင် ရုက္ခဗေဒ ဒေါက်တာဘွဲ့သင်တန်း သင်ယူနေသူဆရာ ဗန်ဗျက်လွယ်က “စားရေးသောက်ရေး အခက်မခဲမရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညိှနှိုင်းဆောင်ရွက်ပေးတယ်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့ဆီ မရောက်သေးတာလား မသိဘူး၊ ဘာတစ်ခုမှ အသိပေးတာလည်း မရှိသေးဘူး၊ ကြားလည်း မကြားသေးဘူး။ မြန်မာပြည်ကို ပြန် မပြန်ဆိုတဲ့ဟာကတော့ ကျွန်တော်တို့အနေနဲ့ ဘာမှ ပြောလို့ မရသေးဘူး၊ ဘာမှလည်း ပြောဆိုပိုင်ခွင့် မရှိဘူး၊ ကိုယ့်နိုင်ငံကိုယ့်ဒေသ၊ ကိုယ့်မိသားစု ဆွေမျိုးတွေနဲ့တော့ အကုန်လုံး နေချင်ကြတာပေါ့၊ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ” ဟု ပြောသည်။
မြန်မာပြည်မှ တရုတ်နိုင်ငံသို့ ကျောင်းသွားတက်နေသည့် ကျောင်းသား ကျောင်းသူပေါင်း ၁၃၀ ကျော်ရှိပြီး အချို့မှာ ကျောင်းပိတ်ရက် ပြန်သွားကြောင်း သိရသည်။ လက်ရှိ တရုတ်နိုင်ငံတွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သောင်တင်နေသည့် မြန်မာကျောင်းသား ကျောင်းသူပေါင်း ၆၀ ကျော်ရှိကြောင်း သံရုံး မှတ်တမ်းအရ သိရသည်။







