ချင်းပြည်နယ်နှင့်ထိစပ်နေသော တိုင်းဒေသကြီးများအကြား နယ်နိမိတ်များကို ပြန်လည်တိုင်းတာသည့်နေရာတွင် (၁၉၃၈) ခုနှစ် အင်္ဂလိပ်ခေတ်ကထုတ်ပြန်ခဲ့သော မြေပုံကိုသာအခြေခံပြီး တိုင်းတာသတ်မှတ်ပါက ချင်းပြည်နယ်အတွက် နစ်နာမှုများရှိလာနိုင်သည်ဟု ချင်းမြေယာဆိုင်ရာကွန်ယက်အဖွဲ့မှ ကိုမန်ဇခုပ်ကပြောသည်။
“၁၉၃၈ မြေပုံဆိုတာက အင်္ဂလိပ်တွေရေးဆွဲတဲ့ အစောဆုံးမြေပုံတော့ဟုတ်တယ် အင်္ဂလိပ်တွေက ဒေသခံတွေကို မေးမြန်းပြီးမှ သဘောတူညီမှုရယူပြီးမှ ရေးဆွဲတဲ့မြေပုံလည်းမဟုတ်တဲ့အခါကျတော့ ကျနော်တို့နစ်နာနိုင်တဲ့ အပိုင်းတွေရှိတယ် အဲဒီမြေပုံတစ်ခုကိုပဲ အခြေမခံဘဲနဲ့ လက်ရှိအုပ်ချူပ်ရေးအရလည်း အခြေခံရမယ် ကျနော်တို့ဘိုးဘွားတုန်းက သတ်မှတ်ထားတဲ့ နယ်နိမိတ်တောတောင်တွေကိုလည်း ပစ်ပျယ်လို့မရဘူး အဲဒီ (၃) ခုကြားမှာ ညှိုနှိုင်းပြီးမှ သင့်တော်တဲ့နည်းလမ်းနဲ့ သွားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ထင်ပါတယ်” ဟု ကိုမန်ဇခုပ်ကပြောသည်။
ချင်းပြည်နယ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး နယ်နိမိတ်ကျူးကျော် မှုများရှိနေသည့်အတွက် ယခင်မူလနယ်နိမိတ်အတိုင်းပြန်လည်တိုင်းတာရန် ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့က လုပ်ဆောင်လျက်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၆) ရက်နေ့က ဟားခါးမြို့၊ ချင်းပြည်နယ် လွှတ်တော်ရေးရာခန်းမတွင် ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဌ၊ ချင်းပြည်နယ် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြပြီး နယ်နိမိတ်တိုင်းရေးလုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့က ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကိုမန်ဇခုပ်က နိုင်ငံတော်အစိုးရအနေဖြင့် နယ်နိမိတ်များကို ယခုကဲ့သို့ ပြန်လည်တိုင်းတာရန် လုပ်ဆောင်နေသည့်အပေါ် ထောက်ခံကြိုဆိုသော်လည်း (၁၉၃၈) ခုနှစ်မြေပုံကိုသာအခြေမခံဘဲ ချင်းဘိုးဘွားခေတ်ကနေထိုင်ခဲ့သည့် ပထဝီအနေအထားကိုလည်း ထည့်သွင်းအခြေခံသင့်သည်ဟု ဆက်လက်ပြောဆိုသည်။
“သူတို့ရဲ့လုပ်ဆောင်မှုကိုတော့ ကြိုဆိုပါတယ် ဒါပေမယ့် ဘယ်မြေပုံပေါ်မှာ အခြေခံပြီးလုပ်မလဲဆိုတာ စဉ်းစားစရာဖြစ်နေ ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မြေပုံကအမျိူးမျိူးထွက်နေတဲ့အခါကျတော့ လက်ရှိအစိုးရကလုပ်ဆောင်နေတဲ့ဟာက ၁၉၃၈ ခုနှစ်က မြေပုံကိုအခြေခံထားတာပေါ့နော် အစောဆုံးမြေပုံပေါ့နော် ဒါပေမယ့် အဲဒီမြေပုံတစ်ခုတည်းကိုဘဲကိုင်တွယ် မယ်ဆိုလို့ရှိရင် လက်ရှိအုပ်ချူပ်မှုအရချင်းပြည်နယ်မှာပါနေတဲ့ကျေးရွာတစ်စုက အဲဒီမြေပုံအရ စစ်ကိုင်းတိုင်းဘက်ပါသွား တယ်၊ အဲလိုမျိူးတွေရှိတယ် အဲဒီခါကျတော့ မြေပုံတစ်ခုကိုဘဲအတည်တကျလက်စွဲကိုင်ပြီးမှ လုပ်တာထက်တော့ ဘိုးဘွားခေတ်တုန်းက အုပ်ချူပ်မှုအရပေါ့နော် အဲဒီမြေပုံကိုလည်းအခြေခံရမယ်’’ ဟု ကိုမန်ဇခုပ်ကပြောသည်။
ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကလည်း နယ်နိမိတ်တိုင်းတာ ရေးကိစ္စသည် မြေပြင်အနေအထားကို သေချာကွင်းဆင်းလေ့လာသင့်ကြောင်း ချင်းဘိုးဘွားခေတ်က အုပ်ချူပ်မှုစနစ်ကို လည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု ပြောဆိုသည်။
“အင်္ဂလိပ်တွေမတိုင်ခင်မှာလည်းပဲ ကျနော်တို့ချင်းလူမျိုးတွေကနေပြီးတော့မှ သမိုင်းကြောင်းအရပေါ့နော် ကျနော်တို့ရဲ့ Ram Uk (စော်ဘွား) အုပ်ချုပ်မှုစစ်နစ်နဲ့ ကျနော်တို့ရဲ့ တောတောင်တွေအုပ်ချူပ်မှုစနစ်တွေရှိတယ်၊ ကျနော်တို့ ပိုင်ဆိုင်ထားတဲ့နယ်နိမိတ်တွေလည်းရှိသေးတာကို ဆိုတော့ အကုန်လုံးကြည့်ပြီးတော့ ဘယ်တုန်းကနယ်နိမိတ် တိုင်းတာတဲ့နယ်နိမိတ်ကဖြင့် ကျနော်တို့အတွက်ထိုက်တန်ဆုံးလဲ ကျနော်တို့ရဲ့အခွင့်အရေး အပြည့်အဝ ရနိုင်မလဲဆိုတဲ့ဟာကိုကျနော်တို့က တိုင်းတာရအုံးမှာပါ လောလောဆယ်အနေနဲ့ကတော့ ၁၉၃၈ ကရော ချင်းဝိသေသတိုင်းတုန်းကဟာကော ပြည်နယ်တုန်းကဟာရော သုံးခုစလုံးကိုကြည့်ပြီးတော့မှ အကျယ်အပြန့်ဆုံးအနေအထားကို ကျနော်တို့ ချင်းပြည်နယ်ရဲ့ အကျယ်ပြန့်ဆုံး အနေအထားကို ကျနော်တို့ကသုံးသပ်သင့်တယ် လောလောဆယ်ကတော့ တစ်ခုခုကဟာကို အတည်ယူတာမျိုးတော့မဖြစ်သင့်သေးဘူး” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။
ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကတော့ နယ်နိမိတ်အရေးသည် ထိလွယ်ရှလွယ်ဖြစ်သည့် အတွက် ဟိုဘက်ဒီဘက် သေချာညှိနှိုင်းတိုင်ပင်ရန်လိုအပ်သည်ဟု ပြောသည်။
“ပဋိပက္ခမရှိအောင် ကျနော်တို့က စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့၊ ရခိုင်ပြည်နယ်တို့နဲ့ ညှို့နှိုင်းရမယ် ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ လိုအပ်တဲ့ကိစ္စကို ဆွေးနွေးတိုင်ပင်ရမယ် ဒီဟာက ကိုယ့်ဘက်တစ်ဖက်တည်း လုပ်လို့မရဘူး သူတို့နဲ့ ညှိုနှိုင်းပြီးလုပ်ရမယ့်ကိစ္စဖြစ်ပါတယ် ဒီဟာက ထိလွယ်ရှလွယ်ဖြစ်တဲ့အတွက် အမှားအယွင်းရှိလို့ မရဘူး အဓိကတော့ ၁၉၃၈ မြေပုံတို့ကို အဓိကအခြေခံပြီး ကျနော်တို့ပြင်ဆင်ထားတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။
နယ်နိမိတ်တိုင်းတာရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၇) ရက်နေ့က ပြည်ထောင်စုအဆင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ချင်းနှင့် စစ်ကိုင်းအကြားနယ်နိမိတ်များကို ကွင်းဆင်းလေ့လာခဲ့ကြပြီး ၁၉၃၈ ခုနှစ်က စိုက်ထူခဲ့သည့်ဘုတ်တိုင်များကို အသစ်ပြန် လည်စိုက်ထူကြမည်ဟု ပြောဆိုခဲ့ကြသည်။







