မတူပီမြို့နယ်ရှိ လေရှီးပွိုင့်၊ ဘနိုင်တောင်ပွိုင့်နှင့် ရေဇွာပွိုင့်တို့မှ MPT တာဝါတိုင်များမှ Link အတွက်သာ သီးသန့်မသုံးဘဲ ဖုန်းလိုင်းလွှင့်ပေးသည့် ကိရိယာတပ်ဆင်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပို့/ဆက် ဒုဝန်ကြီးက ဆိုသည်။
ယင်းအတွက် အစီအစဉ် ရှိ မရှိနှင့် ပတ်သက်ပြီး ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀) မှအမျိုးသားလွှတ်တော် ဦးလာလ်မင်းထန်က ဒီဇင်ဘာ ၁၂ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၄)ကြိမ်မြောက် အစည်းအဝေးတွင် မေးမြန်းခဲ့သည့်အပေါ် ၎င်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော် ဦးလာလ်မင်းထန်က “မတူပီမြို့နယ်တွင် ဖုန်းလိုင်းဆက်သွယ်ရေး ကောင်းမွန်စေဖို့အတွက် လက်ရှိအကောင်အထည် ဖော်နေသည့် MPT တာဝါတိုင် လေးခု တည်ဆောက်ခဲ့ပါတယ်။ တာဝါတိုင်များကို ဆောက်လုပ်ပြီးစီးခဲ့တာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တယ်။ ထိုတာဝါတိုင်များအနက် မတူပီ ပွိုင့်တစ်ခုတည်းသာ ဖုန်းလိုင်းလွှင့်ပြီး ကျန်သုံးပွိုင့် တို့မှာ MPT ဖုန်းလိုင်းများမလွှင့်ဘဲ Link အတွက် သီးသန့် အသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင် ကျေးရွာများက ဖုန်းလိုင်းမမိခြင်းကို မတူပီ ဆက်သွယ်ရေးရုံး တာဝန်ရှိတဲ့ သူတွေထံကနေ သိရှိရပါတယ်”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။
ပို့/ဆက် ဒုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် “ဖုန်းလိုင်းလွှတ်ပေးဖို့ စခန်းများတည်ဆောက်ရန် မြေပြင်အခြေအနေ ရာသီဥတုအခြေအနေ နယ်မြေငြိမ်းခြမ်းမှုအခြေအနေ၊ လျှပ်စစ်ဓာတ်အားရရှိနိုင်မှု အခြေအနေ၊ လူဦးရေ ကုန်ကျစရိတ်နဲ့ ဝင်ငွေရရှိ နိုင်မှုအခြေနေများပေါ်အခြေခံပြီး ဆက်သွယ်ရေး ဌာန အနေဖြင့် ဖုန်းလိုင်းရရှိနိုင်ရန် ကိရိယာ တပ်ဆင်ရန် ကုန်ကျစရိတ်နှင့် ရရှိမည့် ဝင်ငွေ အသုံးပြုမည့် လူဦးရေအပေါ် လောလောဆယ်တွင် အစီအစဉ်မရှိသေးကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
သူကဆက်ပြီး “ဆက်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြောပြချက်အရ မတူပီ မြို့နယ်တွင် စိုက်ထူခဲ့သည့် MPT တာဝါတိုင်များတွင် ဖုန်းလိုင်းလွှတ်ပေးတဲ့ ကိရိယာ ထပ်မံတပ်ဆင်ပေးပါက အနီးပတ်ဝန်းကျင် ကျေးရွာများ အလွယ်ကူ ရရှိနိုင်မယ်လို့ သိရှိရပါတယ်။ ၎င်း ကိရိယာ တန်းဖိုးဟာ မများပါဘူး။ တပ်ဆင်ခလည်း သက်သာတယ်လို့ ဆက်သွယ်ရေးကျွမ်းကျင်သူတွေ ပြောပြချက်အရ သိရပါတယ်”ဟုပြောသည်။
မတူပီမြို့နယ်ရှိ လေရှီုးပွိုင့်၊ ဘနိုင်တောင်ပွိုင့်နှင့် ရေဇွာပွိုင့်တို့တွင် MPT တာဝါတိုင် တည်ဆောက်ပြီးစီးခဲ့သည်မှာ (၂) ကျော်ခဲ့ပြီဖြစ်သော်လည်း ဖုန်းလိုင်းမရရှိသေးဘဲ ၎င်းပွိုင့် သုံးနေရာတွင် ဖုန်းလိုင်းလွှတ်ပေးပါက ကျေးရွာ ၃၃ ရွာမှ ဒေသခံလူ တစ်သောင်းနှစ်ထောင်ကျော် ဖုန်းလိုင်းရရှိ နိုင်မှာဖြစ်ကြောင်းလည်း သိရှိရသည်။







