လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေကို ပဉ္စမအကြိမ်မြောက် ပြင်ဆင်လိုက်တဲ့အရွှေ့ ဘာတွေဆက်ဖြစ်လာစေမလဲ?

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေကို ပဉ္စမအကြိမ်မြောက် ပြင်ဆင်လိုက်တဲ့အရွှေ့ ဘာတွေဆက်ဖြစ်လာစေမလဲ?
by -
ဒေါက်တာအောင်နိုင်ဦး

၂ဝ၁၀ရွေးကောက်ပွဲအတွက် အေးချမ်းဖြိုးကောင်စီကနေ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများနဲ့ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ဆိုင်ရာရွေးကောက်ပွဲဥပဒေများနဲ့ နည်းဥပဒေများကို (၂၀၁၀)နှစ်မှာ အချိန်မှီရွေးဆွဲပြဌာန်းခဲ့ပါတယ်၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေကို (၁၇.၃ .၂၀၁၀)ရက်စွဲနဲ့ အမိန့်အမှတ် (၂/၂၀၁၀)နဲ့ ထုတ်ပြန်ခဲ့တယ်၊

နောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က

- (၉.၇.၂၀၁၀)ရက်စွဲ၊ (၅/၂၀၁၀)နဲ့ ပထမအကြိမ် ပြင်ဆင်ခဲ့တယ်။ အချက်(၃)ချက်ကို ပြင်ဆင်ခဲ့တယ်၊

- (၅.၁.၂၀၁၂)ရက်နေ့၊ အမိန့်အမှတ်( ၂/၂၀၁၂)၊ ဒုတိယအကြိမ် ပြင်ဆင်၊ အချက်(၁၇)ချက် တို့ကို ပြင်ဆင်ခဲ့တယ်၊

- (၂၈.၇.၂၀၁၄)ရက်နေ့၊ အမိန့်အမှတ်(၁/၂၀၁၄)နဲ့ တတိယအကြိမ် ပြင်ဆင်၊ အချက်ပေါင်း(ရရ)ချက် လောက် ပြင်ဆင်ခဲ့ပါတယ်။

- (၂၅.၆.၂၀၁၅)ရက်နေ့၊ အမိန့်(၃/၂၀၁၅)နဲ့ စတုတ္ထအကြိမ် ပြင်ဆင်ခဲ့တယ်၊ အချက်(၈)လောက် ပြင်ဆင်ခဲ့ပါတယ်၊ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ အသက်(၁၈)နှစ်ပြည့်ပြီးမှုနဲ့ပတ်သက်တာတွေ၊ ယာယီသက်သေခံကို ပယ်ဖျက်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား/မှတ်ပုံတင်နဲ့ မဲပေးပိုင်ခွင့်ကိစ္စတွေကို ပြင်ဆင်ခဲ့ပါတယ်။

- (၃.၁၀.၂၀၁၉)ရက်နေ့၊ အမိန့်(၅၅/၂၀၁၉)နဲ့ ပဉ္စမအကြိမ် ပြင်ဆင်ခဲ့ပြန်တယ်၊ နည်းဥပဒေပြင်ဆင်ကို လည်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပချိန်မှာ အခြေခံဥပဒေအရ လွှတ်တော် ကိုယ်စားလှယ်များကို ဖြန့်ဝေပေးခဲ့ပါတယ်။ ဒီပဉ္စမအကြိမ် ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲနည်းဥပဒေမှာ အချက်(၁၆)ချက်နဲ့ နောက်ဆက်တွဲပုံစံ (၁)ခုပါဝင်တာကို တွေ့ရပါတယ်။

ပုဒ်မ(၅)မှာ မဲစရင်းပြုစုခြင်းနဲ့ ပတ်သက်ပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်လဝကဌာနက ပြုစုထားတဲ့ လူဦးရေစနစ်နဲ့ အခြေခံပြီး ပြုစုဖို့ ပါဝင်ပါတယ်။

- ပုဒ်မ(၁၀)မှာ မူလပြဌာန်းထားတဲ့ ရက်ပေါင်း(၁၈၀)ထက်မနည်း မိမိရဲ့ မူလမဲဆန္ဒနယ်ကနေ တခြားဒေသ တစ်ခုခုဆီကို ပြောင်းရွေ့ရောက်ရှိနေတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မူလအမြဲတမ်းနေထိုင်ရာ ဒေသဆီကို သွားရောက်မဲပေးလိုခြင်းမရှိဘဲ၊ လက်ရှိရောက်ရှိနေတဲ့ ဒေသမှာသာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးလိုလျှင် ဆောင်ရွက်ရမယ့် နည်းလမ်းဖော်ပြချက်များကို အခု ပြန်ပြင်ထားတာတွေ့ရပါတယ်။ ပြင်ဆင်ထားတာကတော့ “အနည်းဆုံးရက်ပေါင်း(၁၈၀) ထက်မနည်း” အစား “အနည်းဆုံးရက်ပေါင်း(၉၀)ထက်မနည်း” ဟု အစားထိုးပြင်ဆင်ထားတာ တွေ့ရပါတယ်။

- ဒီကိစ္စဟာ တိုင်းရင်းသားဒေသများအတွက်၊ တိုင်းရင်းသားပါတီများအတွက် များစွာ ဆွေးနွေးငြင်းခုံရမည့် ကိစ္စဖြစ်လာပါမယ်၊ ဘာလို့လဲဆိုတော့

ပထမတစ်ချက်က - လက်ရှိ လဝကဌာနရဲ့ သတ်မှတ်ချက်အရ ပြောင်းရွှေ့နေထိုင်ရာဒေသမှာ အနည်းဆုံး(၆)ပြည့်မှာသာ သာမန်ပြောင်းရွှေ့လို့သတ်မှတ်ကြပြီး (၆)လမပြည့်သေးလျှင် ယာယီပြောင်းရွှေ့လို့သာ သတ်မှတ်ထားကြပါတယ်၊ အခုပြင်ဆင်လိုက်တဲ့နည်းဥပဒေအရဆို ဒေသတစ်ခုမှာ ရက်ပေါင်း(၉၀)၊ ၃ လပြည့်တာနဲ့ အဲဒီယာယီရွှေ့ပြောင်းလုပ်သား(၁)ယောက်ဟာ နေထိုင်ရာဒေသမှာရှိတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရှိသွားမှာဖြစ်ပါတယ်၊ ဒီတော့ လူတစ်ယောက်ဟာ နယ်မြေဒေသတစ်ခုဆီကို(၃)လကျော်လောက်သာ ယာယီရွှေ့ပြောင်းနေထိုင်ခဲ့ယုံနဲ့ အဲဒီဒေသရဲ့ ဒေသခံတစ်ဦးလို ဆန္ဒမဲပေးခွင့်ပြုတာဟာ ကိုယ်စားပြုမှုအရ မကိုက်ညီသေးဘူးလို့ ယူဆပါတယ်။

- ဒုတိယအချက်က - တိုင်းရင်းသားဒေသခံတွေဟာ သူတို့ရဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် ကိုယ်စားပြုမှုရရှိရေးအတွက် ရွေးကောက်တင်မြှောက်ခွင့်အရ လက်ရှိအခြေအနေမှာတင် တော်တော်ရုန်းကန် အားစိုက်နေကြရပါတယ်၊ ပြည်မက အင်အားကြီးပါတီတွေရဲ့ တိုင်းရင်းသားနယ်မြေဒေသအထိ အင်အားချဲ့ထွင်ထိုးဖောက်ဝင်ရောက်မှုဒါဏ်ကို (ကျားကုတ်ကျားခဲ) ခုခံကာကွယ်နေရတဲ့ အနေအထားဖြစ်နေတာတောင် ရွှေ့ပြောင်းလုပ်သားများကိစ္စဟာ စိန်ခေါ်တစ်ရပ်အနေနဲ့ ရှိနေပါမယ်။ အခုလို နည်းဥပဒေပါ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယာယီနေထိုင်ကာလဖြစ်တဲ့ (၃)ကျော်မှာတင် ဆန္ဒမဲပြုခွင့်ပေးလိုက်တာဟာ တိုင်းရင်းသားဒေသခံတွေရဲ့ ကိုယ်စားပြုနိုင်မှုနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ရေရှည်ခိုင်မာစွာရပ်တည်နိုင်မှုကိုပါ ထိုးနှက်လိုက်သလို မြင်တွေ့ခံစားမိပါတယ်၊

- တတိယအချက်ကတော့ - လက်ရှိသွားနေတဲ့ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေး၊ ထာဝရငြိမ်းချမ်းမှု တည်ဆောက်ရေးနဲ့ ဖယ်ထရယ်ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းရေး ဆိုတဲ့ဦးတည်ချက် လုပ်ငန်းစဉ်များမှာ (Majority)အင်အားကြီးလူများစုနဲ့ (Minority)အင်အားသေးလူနည်းစုများ အကြားမှာ ကောင်းမွန်တဲ့ယုံကြည်မှုတည်ဆောက်ရေးက အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်လုံးမှာ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ ခွဲခြားဆက်ဆံမှု၊ အနိုင်ယူလွှမ်းမိုးခြယ်လှယ်မှုတွေကိုသာ ခံစားတွေ့ကြုံနေခဲ့ရတယ် ဆိုတဲ့ ရင်တွင်းခံစားမှုအနာတရတွေ ကိုလည်း ယခုအချိန်မှာ တတ်နိုင်သမျှ ကုစားပေးဖို့ အလွန်အရေးကြီးလှပါတယ်၊ ပါတီစုံစနစ်မှာ “အင်အားကြီးပါတီတစ်ခုခုကသာ အမြဲတစေ အနိုင်ရရမယ်”ဆိုတဲ့အတွေးအခေါ်ထက် ပါတီတွေအားလုံး “ညီညွတ်မျှတစွာများနဲ့ အတူတကွပါဝင် ဆောင်ရွက်ခွင့်ရရှိဖို့” ဆိုတဲ့ အတွေးအခေါ်ကောင်းများနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ဆောင်ရွက်ချက်တွေဟာ တရားမျှတမှုနဲ့ အားလုံးလက်ခံနိုင်မှုကိုသာ အလေးအနက်ထား ဆောင်ရွက်ခြင်းကသာ ရေရှည်ငြိမ်းချမ်းရေးနဲ့ ဖယ်ထရယ်ဒီမိုကရေစီအရေးကို ဟန်ချက်ညီစွာ လျှောက်လှမ်းနိုင်လိမ့်မယ်လို့ ယူဆပါတယ်၊ ဒီလိုမှမဟုတ်ဘဲ ဖယ်ထရယ်အရေး၊ ဒီမိုကရေးစီအရေး၊ ပါတီစုံအရေး ဆိုပြီးနှတ်အားဖြင့် ကြားကောင်းအောင်တန်ဆာဆင်နေပေမယ့် လုပ်သမျှလုပ်ရပ်များဟာ အင်အားကြီးလူမျိုးစုနဲ့ အင်အားကြီးပါတီများအတွက်သာ ဦးတည်မှုကို ဖြစ်နေစေပါလျှင် စိတ်ဝမ်းကွဲမှု၊ မကျေနပ်မှုတွေနဲ့သာ အခက်အခဲတွေ တွေ့ကြုံနေရအုံးမှာဖြစ်ပါတယ် ၊

ဒါကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အားလုံးပါဝင်မှု(Inclucive)၊ သဘောထားကြီးမှု(Toleration) ဆိုတာတွေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ (Free @ Fair Election) ဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနဲ့ အလေးအနက်ထား ဆောင်ရွက်စေလိုပါတယ်၊ ဒီတော့ ဒီနည်းဥပဒေပြင်ဆင်ချက်ဟာ ပြည်ထောင်စုလွှတ်တော်မှာ စတင်ဖြန့်ဝေတဲ့နေ့ကနေ ရက်ပေါင်း(၉၀)အတွင်းမှာ ပြန်လည်ပြင်ဆင်ချက်အဆို တင်သွင်းပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့နဲ့ တင်သွင်းဆွေးနွေးပြီး အားလုံးအတွက် ကောင်းမွန်မယ့် နည်းဥပဒေပြဌာန်းချက်ဖြစ်စေဖို့ ဆောင်ရွက်စေလိုပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...