စက်ကြီးဖြင့် ကျူးကျော်အိမ်များ လာဖျက်ချိန်တွင် အိမ်ပိုင်ရှင်များ အိမ်အတွင်းနေကာ မိမိတို့အိမ်ကို ကာကွယ်မည်ဟုဆို

စက်ကြီးဖြင့် ကျူးကျော်အိမ်များ လာဖျက်ချိန်တွင် အိမ်ပိုင်ရှင်များ အိမ်အတွင်းနေကာ မိမိတို့အိမ်ကို ကာကွယ်မည်ဟုဆို
Photo credit to Zelen
Photo credit to Zelen

ဟားခါးတွင် အစိုးရမှ ကျူးကျော်အိမ်ဟုသတ်မှတ်သည့်နေအိမ်များကို မနက်ဖြန်စဖျက်မည်ဖြစ်ပြီး အိမ်ပိုင်ရှင်များအနေဖြင့် သဘောတူညီမှုမရှိခြင်းကြောင့် စက်ကြီးဖြင့်လာဖျက်ချိန် မိမိနေအိမ်တွင်းသာနေပြီး အသက်နှင့်ရင်းကာ နေအိမ်များကိုကာကွယ်သွားမည်ဟု ဟားခါးတောင်သူများအသင်းမှ ဦးရွန်ပဲန်းကပြောသည်။

ဦးရွန်ပဲန်းက “ ဟားခါးမှာလက်သမားငှားရင် တစ်ရက်ကို နှစ်သောင်းပေးရတယ်။ အိမ်သေးလေးတွေဆောက်ရင်တောင် အနည်းဆုံး ၁၅ သိန်း သိန်း ၂၀ လောက်ကုန်တယ်။ အိမ်အကြီးတွေဆိုရင် သိန်းရာဂဏန်းတောင် ကုန်ကျပြီး တည်ဆောက်ထားတာတွေဖြစ်တယ်။ မြေဝယ်ခကလည်းရှိသေးတယ်။ ဒါကြောင့် အဖျက်တော့ လုံးဝမခံဘူး၊ စက်ကြီးနဲ့လာဖျက်တဲ့အချိန်မှာဆိုရင်လည်း အိမ်ထဲမှာပဲနေပြီး အိမ်နဲ့အတူ ပါရင်ပါသွားပါစေ၊  လာဖျက်တဲ့အချိန်မှာ အိမ်ထဲမှာပဲနေကြမယ်။ သေဆုံးမှုတွေဖြစ်လာရင်လည်း အစိုးရသဘောပါပဲ။ အစိုးရကို ကျွန်တော်တို့က သွားအုပ်ချုပ်လို့မှမရတာ” ဟုပြောသည်။

သူကဆက်ပြီး “အခုအစိုးရဖျက်မယ် ဆိုတဲ့အိမ်လေးတွေက မြို့ပြစီမံကိန်းအတွက် လမ်းမဖောက်ခင် ခြံအတွက်ဝယ်ယူထားတာတွေဖြစ်တယ်။ တစ်ချို့ဆို ခြံအကျယ်ကြီးရှိကြတယ်။ မြို့ပြစီမံကိန်းအတွက် လမ်းချဲ့လာတဲ့အချိန်မှာ ခြံမြေအများကြီး ဆုံးရှုံးခဲ့ပြီးပြီ။ အစိုးရက မြေကွက်ဖော်မယ်လုပ်တဲ့အချိန်မှာ အဲဒီနေရာလေးတွေမှာ အိမ်သေးလေးတွေဆောက်ထားတာဖြစ်တယ်” ဟုပြောသည်။

လက်ရှိအစိုးရအနေဖြင့် ၁၈၉၄ မြေသိမ်းဥပဒေကိုလိုက်နာခြင်းမရှိပဲ မြေသိမ်းခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ ဒေသခံများမသိပဲ စည်ပင်ဧရိယာလာတိုင်းတာခဲ့ခြင်း၊ အဆိုပါဧရိယာတွင် ဒေသခံပိုင် ဥယျာဉ်ခြံ၊ တိရိစ္ဆာန်များမွေးမြူသည့်နေရာများ ပါလာသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ အချို့မှာ အထောက်အထား ရှိသော်လည်း အများစုမှာ ဓလေ့ထုံးတမ်းအရ ဘိုးစဉ်ဘောင်ဆက်လက်ကမ်းလာခြင်း၊ ရောင်းဝယ်လာခြင်းမျိုးကြောင့် အထောက်အထား မရှိသည့်အနေအထားဖြစ်နေသည်ကို အစိုးရမှ ဘိုးဘွားပိုင်နယ်မြေကို အသိအမှတ်မပြုခြင်းများကြောင့် ကန့်ကွက်နေရခြင်းဖြစ်သည် ဟုဦးရွန်ပဲန်းကပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အခုအချိန်ထိလည်း ညှိနှိုင်းတုန်းပဲ။ အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို သဘောတူတဲ့သူတွေအတွက် အိမ်ဖျက်ပြီးတာနဲ့ တစ်ခြားနေရာမှာ ချက်ခြင်းပြောင်းနိုင်အောင် စီစဉ်ပေးမယ်။ အမှန်တော့ အိမ်ကိုမဖျက်ချင်ပါဘူး။ ကိုယ့်ချင်းတွေအချင်းချင်းပဲ။ အွန်လိုင်းမှာလည်း သွေးချောင်းစီမယ်စသဖြင့် အမျိုးမျိုးဖြစ်နေတယ်။ အစိုးရရဲ့ အစီအစဉ်အတိုင်း မလိုက်နာတဲ့သူတွေအတွက်တော့ ဘာမှ ထည့်သွင်းစဉ်းစားပေးဖို့မရှိတော့ဘူး” ဟုပြောသည်။

အဆိုပါ မြို့ပြစီမံကိန်းအတွက် စည်ပင်ဧရိယာအဖြစ် ထည့်သွင်းသည့် ဧကခြောက်ရာကျော်တွင် အကွက်များ ရိုက်နေပြီဖြစ်ပြီး ထိုသို့အကွက်ရိုက်ရာတွင်လည်း တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုလုံးဝမရှိကြောင်း ဦးရွန်ပဲန်းကထောက်ပြသည်။

ဦးရွန်ပဲန်းက “မြေအကွက်ရိုက်တဲ့နေရာမှာလည်း အမျိုးမျိုးရှိတယ်။ နေရာကောင်းတွေဆိုရင် အရာရှိနဲ့ လူကြီးပိုင်းတွေက ဦးတယ်။ မရှိဆင်းရဲသားတွေအတွက်ကျတော့ ပေ ၄၀ – ၆၀ တိုင်းပေးပြီး ငွေနည်းနည်းသွင်းအောင်လုပ်ပေးကြတယ်။ အခုဟာက လုံး၀ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟုပြောသည်။

ကျူးကျော်အိမ်ဟု အစိုးရသတ်မှတ်သည့် နေအိမ်များကို မနက်ဖြန် ၈ နာရီမှ စဖျက်မည်ဖြစ်ပြီး အစိုးရအဖွဲ့၊ ထွေအုပ်၊ သစ်တော၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်ကော်မတီဝင်များနှင့် အစိုးရဝန်ထမ်းများ ပါဝင်မည်ဖြစ်သည်။

ဦးစိုးထက်က “  ဆောက်ထားတာက ၁၀၃ အိမ်လောက်ရှိတယ်။ နေတာကတော့ ၃၀ အိမ်ပဲရှိတယ်။ အဲထဲက ၈ ဦးကတော့ သူတို့ဟာသူတို့ဖျက်နေပြီ။ ဖျက်မယ့်အထဲမှာ လူနေတဲ့အိမ် ၂၂ လုံးပဲရှိတော့တယ်။ ကျန်တာတွေ အလုံး ၉၀ လောက်က လူတွေမနေနဲ့ ယာယီဆောက်ထားတဲ့ အိမ်သေးလေးတွေဖြစ်တယ်” ဟုပြောသည်။

အစိုးရမှ ကျူးကျော်အိမ်ဟု သတ်မှတ်ထားသည့် နေအိမ်များကို ဖျက်ရန် သြဂုတ်လ (၈) ရက်နေ့တွင် သတ်မှတ်ခဲ့သော်လည်း အသင်းတော်ဆရာများမှ ညှိနှိုင်းပေးခြင်းကြောင့် ၁၉ ရက်နေ့ပြန်လည်ရွှေ့ခဲ့ပြီးနောက် ၂၀ ရက်နေ့တွင် ဖျက်ရန် နှစ်ကြိမ်အထိ ရက်ရွှေ့ခဲ့ခြင်းဖြစ်သည်။ 

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...