ကမ္ဘာ့ဘဏ်ချေးငွေသည် ကလေး-ဟားခါးလမ်း မိုင်လေးဆယ် အတွက်သာ လုံလောက်သဖြင့် ကျန်လမ်းပိုင်းအတွက် ဘတ်ဂျက်ပြန်လည်တောင်းခံ

ကမ္ဘာ့ဘဏ်ချေးငွေသည် ကလေး-ဟားခါးလမ်း မိုင်လေးဆယ် အတွက်သာ လုံလောက်သဖြင့် ကျန်လမ်းပိုင်းအတွက် ဘတ်ဂျက်ပြန်လည်တောင်းခံ

ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း၆၀ ကျော်ဖြင့် ဆောင်ရွက်ရန်ရှိသည့် ကလေး-ဟားခါး လမ်းပိုင်းမှာ မိုင်လေးဆယ်ခန့်အတွက်သာ လုံလောက်မည်ဖြစ်သဖြင့် လွတ်ကင်းနေသည့်လမ်းပိုင်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း လျာထားရံပုံငွေ ငွေကျပ် ၇ဒသမ၇၇ဘီလီယံပြန်လည် တောင်းခံထားကြောင်း သိရသည်။

ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) မှ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ကလေး-ဖလမ်း-ဟားခါးလမ်းအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့်အပိုင်းများအား သတ်မှတ်ပြီး ကျန်အပိုင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ငွေကျပ် ၇ဒသမ၇၇ဘီလီယံတောင်းခံထားကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက “ကျနော်တို့အစကထင်တာက ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်းခြောက်ဆယ်က ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းတင်မဟုတ်ဘဲ ဟားခါး-ဂန့်ဂေါလမ်းပိုင်းအထိပါ လောက်မယ်လို့ထင်ခဲ့ကြတယ်၊ ဒါပေမယ့် ဘမ္ဘာ့ဘဏ်ကနေကွင်းဆင်းလေ့လာမှုတွေလုပ်ပြီးတဲ့နောက်မှာ သူတို့က အဆင့်မြင့်မြင့်လုပ်မှာဆိုတော့ မိုင်လေးဆယ်လောက်ဘဲ လုပ်လို့ရမယ်လို့သိရတယ်၊ သိုင်ငင်းကနေ မိုင်လေးဆယ်ဆိုရင် ဖလမ်းထိတောင် သိပ်မရောက်ဘူး၊ အဲဒါကြောင့် ကျနော်က ကျန်တဲ့လမ်းပိုင်းတွေအတွက် ဘတ်ဂျက်ငွေလျာထားတာရှိလားဆိုတာ မေးတာဖြစ်တယ်၊ ကမ္ဘာ့ဘဏ်ကလည်း အခုထိမစနိုင်သေးတော့ လမ်းတွေကလည်း သွားရတာခုထိ အရင်အတိုင်းဘဲဖြစ်နေသေးတယ်”ဟု ပြောသည်။

ကလေး-ဟားခါး လမ်းပိုင်းတွင် ကလေးမြို့မှ သိုင်ငင်းအထိအား JICA ချေးငွေဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး၊ သိုင်ငင်းမှ ဟားခါးအထိ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်သော်လည်း မိုင်လေးဆယ်ခန့်သာ လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်သည့်အပိုင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်းလျာထားရံပုံငွေဖြင့် ဆောင်ရွက်ရန် တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဇုန်လှယ်ထန်း၏ မေးမြန်းချက်ကို ပြည်ထောင်စု ဒုဝန်ကြီးမှ ဖြေဆိုရာတွင် ကလေး-ဖလမ်း-ဟားခါးလမ်းသည် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သည့် လမ်းဖြစ်သည်နှင့်အညီ နားလည်မှု သဘောတူညီချက် စာချုပ်ပါစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်မည်ဖြစ်သည့်အပြင် အဆင့်ကျော်ဆောင်ရွက်မှုများကို မပြုလုပ်နိုင်သည့်အခြေအနေဖြစ်သည့်အတွက် ယခုအချိန်တွင် နှောင့်နှေးနေသော်လည်း လုပ်ငန်းများအမြန်ဆုံးစတင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့သည်။

ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းအား ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၆၀ကျော်ချေးငွေဖြင့် ကူညီဆောင်ရွက်ပေးရန် ၂၀၁၆ခုနှစ်က ပြည်ထောင်စုအစိုးရနှင့် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...