စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲကျင်းပနိုင်ချေရှိ

စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲကျင်းပနိုင်ချေရှိ

စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲကို ကျင်းပနိုင်ချေ ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “ရွေးကောက်ပွဲကျင်းပနိုင်ချေ ရှိ၊မရှိကိုတော့ လုပ်ငန်းစဉ်နှစ်ခုနဲ့တော့ စမ်းသပ်တယ်။ ပထမတစ်ခုကတော့ မဲရုံတွေကို တိုးချဲ့ဖို့ရှိမရှိ လျာထားတဲ့မဲရုံတွေကို တောင်းကြည့်တယ်။ နောက်တစ်ခုကတော့ လူဦးရေစာရင်းတွေ ကောက်နေတယ်။ တပြည်လုံးလည်း ကောက်နေတယ်။ ပလက်ဝမှာလည်း ကောက်ကြည့်တယ်။ လောလောဆယ် ပြဿနာကိုတော့မတွေ့သေးဘူး ကောက်လို့ရတဲ့ အနေထားရှိနေသေးတယ်။ လူဦးရေစာရင်း ကောက်လို့ဘဲ ပြဿနာမဖြစ်တာလားတော့ မသိသေးဘူး။  ကျွန်တော်တို့ဖက်ကတော့ ရွေးကောက်ပွဲအတွက်တော့ ပြင်ဆင်ထားတယ် နီးလာတဲ့အခါကြရင်တော့ ဖြစ်လာတဲ့ပုံစံပေါ်မှုတည်ပြီးတော့ သွားမှာပေါ့”ဟုပြောသည်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာဖြစ် လူဦးရေစာရင်းများ ကောက်ခံနေပြီး လူဦးရေစာရင်းများ ကောက်ခံသည့်အခါ မဲဆန္ဒရှင်များဖက်မှ တိကျသော အချက်အလက် ပေးစေလိုကြောင်း မဲဆန္ဒရှင်များဖက်မှ တိကျသောအချက်အလက် မရရှိပါက မဲစာရင်းဖောင်းပွခြင်းများ ကြုံတွေ့နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ သေချာခြင်းမရှိသေးဘဲ အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ချင်းပါတီအနေဖြင့်လည်း ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း CNLDပူးတွဲအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကယခုလိုပြောသည်။

 “ပလက်ဝမြို့နယ်ကတော့ ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ယုံကြည်စိတ်ချရတဲ့ နေရာဖြစ်တယ်။ ကျွန်တော်တို့တတ်နိုင်သ၍ကတော့ အဲဒီနယ်မြေကိုတော့ ရွေးကောက်ပွဲ ကျင်းပဖြစ်တဲ့ နယ်မြေဖြစ်စေချင်တယ်။ တကယ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့တော့ နစ်နာမှာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက လွှတ်တော်အမတ် နေရာဆုံးရှုံးနစ်နာမှာဖြစ်ပြီး ချင်းပါတီအနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ပြိုင်တာမဟုတ်ဘဲ ချင်းလူမျိုးများရှိသည့် နေရာတွင်သာ ဝင်ပြိုင်ရမှာဖြစ်သောကြောင့် ပိုပြီးနစ်နာနိုင်သည်ဟု CNLDပူးတွဲအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် လူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီး  အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူလွှတ်တော်(၁)နေရာနှင့် ပြည်နယ်လွှတ်တော်(၂)နေရာ ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...