ဟားခါးမြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများအဖြစ် ပြည်နယ်အစိုးရ၏ သတ်မှတ်ခံရသူများမှ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လွှတ်တော်ဥက္ကဌ တို့ကို အမြန်ဖြုတ်ပေးရေး ဆန္ဒပြမည့်အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။
လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးရွှေထီးယူက “စည်ပင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ တည်ဆောက်တဲ့အတွက် ကျူးကျော်တယ်လို့ သတ်မှတ်တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဝန်ကြီးချုပ်ကိုလည်း ဖြုတ်လို့မရဘူး ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ စနစ်တကျဆောင်ရွက်တဲ့ကိစ္စကို သူတို့ဖက်ကလည်း ဒီမိုကရေစီခေတ်မှာ လွယ်လွယ်ရေးတယ်၊ အဲဒီလိုရေးတဲ့အတွက်လည်း ဥပဒေအရ အရေးယူဖို့လည်းရှိတယ်”ဟုပြောသည်။
ဟာခါးမြို့သစ်စီမံကိန်းအတွင်း နေထိုင်ကြသူများကို အစိုးရဖက်မှ ကျူးကျော်နေထိုင်သူများ အဖြစ်သတ်မှတ်ပြီး တည်ဆောက်ထားသည့် နေအိမ်များကို ဖျက်သိမ်းရန်စီစဉ်နေခြင်းအပေါ် ယင်းနေရာတွင် နေထိုင်သော ပြည်သူများမှ ဇူလိုင်လ(၃၁)ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ပြီး အဆိုပါဆန္ဒပြမည့် အကြောင်းရာထဲတွင် ဝန်ကြီးချုပ်၊လွှတ်တော်ဥက္ကဌ၊ နှင့်လမ်းပမ်းဝန်ကြီးများကို အမြန်ဖြုတ်ပေးရေးလည်း ပါဝင်မည်ဟုသိရသည်။
ဘိုးဘွားပိုင်နယ်မြေကို အစိုးရမှ မတရားသိမ်းယူသည်ဟုဆိုကာ ဒေသခံများမှ ဆန္ဒထုတ်ဖော်မည့်အချက် ၁၆ ချက်ရှိပြီး ဘိုးဘွားပိုင်နယ်မြေကို အသိအမှတ်ပြုရေး၊ ဟားခါးမြို့ပြစီမံကိန်းတွင်းပါရှိသည့် ဧက ၄၃.၉၀ ဧက ကိုစည်ပင်နယ်နိမိတ်အတွင်း မထည့်သွင်းရေး၊ ချင်းပြည်နယ်အတွင်း မြေလွတ်မြေရိုင်းမရှိ၊ မြေယာဥပဒေနှင့်အညီမဆောင်ရွက်ပဲ အမိန့်အာဏာဖြင့် ဆောင်ရွက်မှု ရပ်တန့်ရေး၊ ၁၉၄၈ ခုနှစ်မြေယာဥပဒေအတိုင်း ဆောင်ရွက်ပေးရေး၊ သိမ်းဆည်းထားသည့်မြေများ ပိုင်ရှင်ထံပြန်ပေးရေးစသည့်အချက်များလည်းပါဝင်သည်။
မြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သော တချို့မှာ ပြောင်းရွေ့ကြသော်လည်း အချို့အိမ်ရှင်များမှာ ခေါ်ယူအသိပေးခြင်းများ ပြုလုပ်သော်လည်း ငြင်းဆန်နေသေးကြောင်း အစိုးရဖက်မှ ပြောဆိုထားသည်။
လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူက “ဥပဒေရဲ့လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ မြေကွက်ဖော်တဲ့ အချိန်မှာ သူတို့က ကျွန်တော်တို့အပိုင် ဖြစ်ပါတယ်လို့ သူတို့ကတော့ပြောတယ်။ တကယ် ပိုင်မပိုင်ကိုလည်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားမယ်”ဟုပြောသည်။ ဟားခါးမြို့သစ် စီမံကိန်းဧရိယာ ၆၇၆ဧက အတွင်းရှိ စည်ပင်ခွင့်ပြုချက်မပါပဲ ဆောက်လုပ်ထားသည့် အိမ်များကို အစိုးရဖက်မှ ဖျက်ခိုင်းထားပြီး နောက်လ သုံးရက်နေ့အထိ ဖျက်သိမ်းထားခြင်းမရှိသော အိမ်များကို အစိုးရဖက်မှ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။







