မိုးရာသီတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဘေးအန္တရာယ်များအတွက် မွန်ပြည်နယ်အစိုးရအနေနှင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
ဇွန်လ(၄)ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ်အစိုးရ တတိယ တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့သည်။
သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပေးမှုများ ၊ ဇာတ်တိုက်လေ့ကျင့်မှုများအပြင် ကယ်ဆယ်ရေးအထောက်အကူ ပစ္စည်းများဖြန့်ဝေထားခြင်း နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အကူပစ္စည်းများ ဖြန့်ဝေထားပြီးဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။
ထို့အပြင် ရေလွှမ်းမိုးမှုအများဆုံးဖြစ်ပွားနိုင်သည့် မြို့နယ်များတွင် ဖိုင်ဘာစက်တပ်လှေများ ဖြန့်ဝေထားပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အရေးပေါ်ခိုလှုံနိုင်သည့်အဆောက်အဦးများကို ဆောက်လုပ်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
“မြို့နယ်တိုင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးကော်မတီ တွေရှိပါတယ် ဒီကော်မတီတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရှိပါတယ် ကျေားရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ချက်ချင်းအကြောင်းကြားလာရင် ကျွန်တော်တို့ ချက်ချင်းဆောင်ရွက်နိုင်ဖို့အတွက် စီစဉ်ထားပါတယ် “ ဟု ၎င်းက ပြောသည်။
ထို့အပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာလျှင်သော်လည်းကောင်း၊ ဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ရာတွင်လည်းကောင်း ထိခိုက်လွယ်သောအုပ်စုဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများအား ဦးစားပေးကူညီစောက်ရှောက်မှုများကို ထည့်သွင်းသွားမည်ဟု လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် စံချိန်တင်မြစ်ရေလျှံမှုကြောင့် မွန်ပြည်နယ်အတွင် ရေနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၁၅၈၄) စုကျော်တို့က ရေလွှမ်းမိုးသည့်ဒဏ်ခံခဲ့ရသည်။
ထို့အပြင် ရေကြီးမှုကြောင့် သထုံ ဘီးလင်း ရန်ကုန် ကားလမ်းပိတ်ဆို့မှုဖြစ်သွားခဲ့သည့်အပြင် မော်လမြိုင် - ရန်ကုန် ရထားလမ်းမှာလည်း ရက်အတော်ကြာ ပိတ်ခဲ့ရသည်။
ပြီးခဲ့သည့်နှစ် မွန်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုအခြေအနေများနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏လှုမှုကွန်ယက်စာမျက်နှာတွင် သတင်းထုတ်ပြန်မှု လွန်စွာအားနည်းခဲ့သည်။







