ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးမှုနောက်ကျသော တိုင်းရင်းသားဒေသများ အတွက် လွှတ်တော်ရံပုံငွေ တိုးမြှင့်ချထားပေးနိုင်ရေး ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်းက ၁၁ ကြိမ်မြောက်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အကြံပြုဆွေးနွေးခဲ့သည်။
ကန်ပက်လက်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက “ချင်းပြည်နယ်အတွင်းလမ်းပမ်း ဆက်သွယ်ရေးခက်ခဲတဲ့ ကျေးလက်ဒေသများမှာ တာဝန်ထမ်းဆောင်ကြရတဲ့ ပညာရေး၊ကျန်းမာရေး ဝန်ထမ်းတွေအတွက် ဝန်ထမ်းနေအိမ် လိုအပ်ချက်အရ ကျေးရွာပြည်သူလူထုက တင်ပြတောင်းခံလာတဲ့အတွက် ခွင့်ပြုပေးရတာဖြစ်ပါတယ်။ နှစ်စဉ်ဦးစားပေးပြီး ခွဲဝေချထားပေးပေမဲ့ လည်းဒေသအတွင်းလုံလောက် ပြည်စုံမှုမရှိခဲ့ပါဘူး။ ချင်းပြည်နယ်ရဲ့ ဒေသလိုအပ်ချက်အပေါ် အခြေခံပြီး ရန်ပုံငွေခွဲဝေ အသုံးပြုရတာဖြစ်တဲ့ အတွက် လုပ်ငန်းပြောင်းလဲ စေတာမျိုးမပြုလုပ်ဘဲ တင်ပြတောင်းခံတဲ့အတိုင်း စီစစ်ခွင့်ပြုပေးနိုင်ဖို့ အကြံပြုလိုပါတယ်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ တင်ပြဆွေးနွေးချက်ပါ ဝေးလံပြီး ဖွံ့ဖြိုးမှုနောက်ကျတဲ့ တိုင်းရင်းသားဒေသတွေ အတွက် အမှန်တကယ်လိုအပ်ချက်တွေကို စိစစ်ပြီး ဦးစားပေး အစီအစဉ်အနေနဲ့ ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေ ခွဲဝေချထားပေးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အနေနဲ့ စာရင်းစစ်ချုပ်ရဲ့ အကြံပြုတဲ့အတိုင်း တိုင်းရင်းသားဒေသတွေကို လက်တွေ့ ကွင်းဆင်းစိစစ်ပြီး ဝေးလံခက်ခဲပြီး ဖွံဖြိုးမှုနောက်ကျတဲ့ တိုင်းရင်းသားဒေသတွေအတွက် အမှန်တကယ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနှိုင်ဖို့ လက်ရှိခွဲဝေထားတဲ့ ရန်ပုံငွေနဲ့ လုံလောက်မှုရှိမရှိ စိစစ်သင့်ပါတယ်။ အမှန်တကယ်လိုအပ်တဲ့ တိုင်းရင်းသားဒေသတွေအတွက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေတိုးမြှင့်ချထားပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါတယ်”ဟုအကြံပြုဆွေးနွေးခဲ့ပါသည်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင်ကြသော ကျောင်းဆရာ၊ဆရာမ များ၏နေအိမ်များကိုလည်း ဒေသခံရွာသူရွာသူရွာသားများမှ တည်ဆောက်ပေးနေရပြီး၊ ကျောင်းအချို့မှာ ကျောင်းသူ၊ကျောင်းသားများ စာသင်ခုံများမရှိဘဲ စာသင်ပေးနေကြကြောင်းလည်း တင်ပြဆွေးနွေးခဲ့သည်။
ကန်ပလက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း က “ ချင်းပြည်နယ်မှာ ကျေးလက်လမ်းတံတား ပြုပြင်တည်ဆောက်ပေးရေးလုပ်ငန်း အတွက် ၃၀.၂၉ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ အနည်းဆုံးအသုံးပြုထားတာ တွေ့ရပြီး ဘာလို့အနည်းဆုံးအသုံးပြု ရလဲဆိုရင် ချင်းပြည်နယ်မှာ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းဟာ အလိုအပ်ဆုံးဖြစ်သော်လည်း ရန်ပုံငွေအရ ခွဲဝေရတာဖြစ်တဲ့အတွက် လမ်းတံတားတည်ဆောက်ရေး ပြုပြင်ရေးလုပ်ငန်းတွေမှာ ခွဲဝေအသုံးမှုနည်းပါးရတာဖြစ်ပါတယ်။ ချင်းပြည်နယ်ရဲ့လိုအပ်ချက်အရ လမ်းတံတားလုပ်ငန်းများဟာ ပြုပြင်ရန်လိုအပ်ချက်မဟုတ်ဘဲ အသစ်ဖောက်လုပ်ရန် အသစ်တည်ဆောက်ရန် အဓိကလိုအပ်နေတာ ဖြစ်ပါတယ်။ ခွင့်ပြုရန်ပုံငွေဟာ လမ်းတံတားလုပ်ငန်းတွေမှာသာ ဦးစားပေးခွဲဝေမယ်ဆိုရင် ဒေသတွင်း၊မြို့နယ်တွင်းရှိ ပြည်သူလူထုအားလုံးကို ဖြန့်ကျဲ့အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ကျေးရွာ၊ဒေသအသီးသီးက နေရန်ပုံငွေတင်ပြ တောင်းခံတဲ့အပေါ် ချိန်ထိုးပြီး ခွဲဝေပေးရတာဖြစ်ပါတယ်။ချင်းပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေဟာ ချင်းပြည်နယ် ပြည်သူလူထုတွေ အတွက်များစွာ အထောက်ကူပြုတယ် ထိုက်သင့်တဲ့ဖွံ့ဖြိုးမှုတွေ ရရှိလာတာ လက်တွေ့အမှန်ဖြစ်တယ်”ဟုတင်ပြဆွေးနွေးခဲ့သည်။
ဦးညွှန့်ဝင်းသည် ၂၀၁၈ နိုဝင်ဘာလတွင်ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။







