ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့ငါးမြို့သို့ နိုင်ငံတော်အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့ လာရောက်မည်ဖြစ်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်အတိုင်ပင်ခံလာမယ်ဆိုတာဟုတ်ပါတယ်၊ ၂၀ရက်နေ့မှာ နေပြည်တော်ကနေပြီးတော့ ကလေးကိုအထူးလေယာဉ်နှင့်လာမယ်၊ ကလေးကနေပြီးတော့ Tikir ရွာကို ရဟတ်ယာဉ်နှင့် သွားပြီးတော့ Tikir ဆည်ရယ် ကီလိုဝပ် ၅၀ ထွက်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ဖွင့်မယ်၊ အဲဒီပြီးတော့ ဒေသခံတွေနဲ့တွေ့ဆုံပြီးတော့ ထန်တလန်ကိုသွားပြီး ထန်တလန်မှာ မြို့မိမြို့ဖနှင့်တွေ့မယ်၊ အဲဒါပြီးရင်တော့ ရိဒ်ကိုသွားပြီး ရိဒ်နယ်စပ်ဂိတ်ကြည့်မယ်၊ ညနေပိုင်းမှာ ဟားခါးကိုပြန်ပြီး မြို့မိမြို့ဖတွေနဲ့တွေ့ပြီး ဟားခါးမှာဘဲညအိမ်မယ်၊ နောက်နေ့မှာ ရှုခင်းသာကိုဖွင့်ပွဲလုပ်ပေးမယ်၊ အဲဒါပြီးရင် ဟားခါးကောလိပ်ကို သွားရောက်ကြည့်ရှုမယ်”ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇန်နဝါရီ ၂၁ရက်နေ့တွင် ဟားခါးမြို့မှ ဖလမ်းမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ဖလမ်းမြို့နှင့် တီးတိန်မြို့များသို့ ဆက်လက်ထွက်ခွာကာ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ကလေးမြို့သို့ပြန်ကာ ကလေးမြို့တွင် ညအိပ်အနားယူမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချင်းပြည်နယ်မြောက်ပိုင်းခရီးစဉ်နှင့် ပတ်သတ်ပြီး ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယိုမှ “ဒီခရီးစဉ်မှာတော့ ပြည်သူတွေနှင့် တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပြီး ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ အနေအထားနဲ့ ပြည်သူတွေရဲ့သဘောထားတွေကို တင်ပြသွားမှာပါ၊ မြို့တစ်ခုစီက တောင်းဆိုချက်အလိုက်ကို သူတက်နိုင်တာရှိရင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်၊ ဟားခါးမြို့အနေနဲ့တော့ သစ်ရောင်းဝယ်ခွင့် ခွင့်ပြုပေးဖို့တောင်းဆိုသွားမှာပါ၊ မြို့ပေါ်မှာက သစ်ရောင်းဝယ်ခွင့်မရှိတော့ အများပြည်သူတွေဒုက္ခရောက်နေရတယ်”ဟု ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ချင်းပြည်နယ်မြောက်ပိုင်းခရီးစဉ်တွင် ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူလည်း လာရောက်မည်ဖြစ်သော်လည်း ဒုသမ္မတမှာ အတိုင်ပင်ခံပဂ္ဂိုလ်ထက်ကြိုတင်ကာ လာရောက်မည်ဖြစ်ကြောင်းသိရသည်။
စည်ပင်ဝန်ကြီးဦးစိုးထက်မှ ဒုသမ္မတခရီးစဉ်နှင့်ပတ်သတ်ပြီး “ဒုသမ္မတကတော့ ၁၇ရက်နေ့ညနေကို နေပြည်တော်ကနေကားနှင့်ထွက်လာပြီး ဂန်ဂေါမှာ တစ်ညအိပ်မယ်၊ ဂန်ဂေါကနေ ၁၈ရက်နေ့မှာ ဟားခါးကိုတက်လာပြီး ဟားခါးမှာ ခဏနားပြီး ချင်းပြည်နယ် အစိုးရအဖွဲ့တွေနှင့်ခဏတွေ့ပြီး Tikir ကိုဆက်သွားပြီး အဲမှာဘဲအိပ်မယ်၊ ၁၉ရက်နေ့ကျရင် Tikir မှာဘဲ သူတို့လှူထားတဲ့ ဘုရားကျောင်းဖွင့်ပွဲလုပ်မယ်၊ ၂၀ရက်နေ့မှာ အတိုင်ပင်ခံပုဂ္ဂိုလ် Tikir ကိုရောက်ရင် သူ့လမ်းကြောင်းအတိုင်းဘဲ လိုက်သွားမယ်လို့သိရပါတယ်” ဟုပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့နယ်တွင် ညအိပ်အနားယူပြီးနောက် ၂၂ရက်နေ့တွင် ဟားခါးလေးကျေးရွာကိုသွားရောက်မည်ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် နေအိမ်များကိုသွားရောက်ကြည့်ရှုပြီးနောက် ကလေးမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွါသွားမည်ဖြစ်ကြောင်းသိရသည်။







