၀ဥစိုက်တောင်သူများအနေဖြင့် ပုံစံ (၇) မရှိကြသဖြင့် SME ချေးငွေထုတ်ရန် အခက်အခဲရှိ

၀ဥစိုက်တောင်သူများအနေဖြင့် ပုံစံ (၇) မရှိကြသဖြင့် SME ချေးငွေထုတ်ရန် အခက်အခဲရှိ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ဝဥစိုက်တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရှိကြသဖြင့် အစိုးရ၏ SME ချေးငွေထုတ်ရန် အခက်အခဲရှိကြကြောင်း ဝဥစိုက်တောင်သူများထံမှ သိရသည်။

“တောင်သူတွေက အရင်းအနှီးအများကြီးလိုတယ်၊ အရင်းအနှီးမှာ SME ချေးငွေ တွေဘာတွေ ဆွေးနွေးနေကြတယ် တောင်သူတွေအတွက်ပေါ့၊ အဲဒီ SME ချေးငွေရဖို့အတွက် ခိုင်မာတဲ့စာချုပ် စာတမ်းအနေနဲ့ ပုံစံ (၇) တွေရှိဖို့လိုတယ်လို့ပြောတယ်၊ ပုံစံ(၇)က ချင်းပြည်နယ်မှာ နိုင်ငံတော်ရဲ့ မြေယာခန့်ခွဲမှု လုပ်ထုံးလုပ်နည်းအရလုပ်ဖို့ နည်းနည်းလေး အခက်အခဲရှိတယ်၊ ဒါကြောင့် ကျွန်တော်တို့ ချင်းမှာ ဘိုးဘွားပိုင်မြေ မြေယာစီမံခန့်မှုဆိုပြီးတော့ ချင်းအက်ဥပဒေမှာရှိပြီးသားပါ၊ အဲဒီချင်းအက်ဥပဒေကိုဘဲ အခြေပြုပြီးတော့မှ ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်တဲ့မြေကို ပုံစံ (၇) ကဲ့သို့ အသက်ဝင်အောင် ချင်းရဲ့ဓလေ့ထုံးတမ်းစဉ်လာ ဥပေဒနှင့်အညီ မြေရအောင် အမှုတွဲတည်ဆောက်ခွင့်ရှိတယ်ဆိုရင် ဝဥစိုက်တောင်သူတွေအတွက် များများစားစားထုတ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု သစ်တောဦးစီးဌာန သဘာပတ်ဝန်းကျင်နှင့် သားဌက်တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးရှိန်းဂေငိုင်းမှ ပြောသည်။

အစိုးရမှ အသေးစားအလတ်အစားလုပ်ငန်းများ(SME) အတွက် ချေးငွေထုတ်ပေးရာတွင် ပိုင်ဆိုင်မှုအထောက်အထားပြရန်လိုအပ်ပြီး ချင်းပြည်နယ်အတွင်းရှိ မြေပိုင်ရှင်များအများစု၏မြေများသည့် ဘိုးဘွားပိုင်မြေများဖြစ်သဖြင့် အထောက်အထားပြနိုင်ခြင်းမရှိဘဲ ချေးငွေထုတ်ယူရန် အခက်အခက်ရှိနေကြောင်း သိရသည်။

ကန်ပက်လက်မြို့မှ ဝဥစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးဟုန်းနိုင်းမှ “ကျွန်တော်တို့မှာ ပုံစံ (၇) ဆိုတဲ့ဟာလိုအပ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာဘိုးဘွားပိုင်နှင့်နေရတယ်၊ ဘိုးဘွားပိုင်နှင့်နေရတဲ့အခါကျတော့ ပုံစံ (၇) မရှိတော့ အစိုးရက မချေးပေးဘူး၊ ပုံစံ (၇) လုပ်ဖို့ဆိုတာလည်း ဌာနဆိုင်ရာတွေကို လွယ်လွယ်ကူကူမလုပ်ပေးတော့ လုပ်တဲ့လူကလည်း ချေးဖို့အဆင်မပြေပြန်ဘူး၊ ကျွန်တော်ဆိုရင် မြေ ၁၀ဧကလောက်ရှိတယ်၊ SME Card လုပ်ထားပေမယ့် ပုံစံ (၇) မရှိတဲ့အခါကျတော့ ကျွန်တော်ချေးလို့မရဘူးဖြစ်နေတယ်၊ အဲဒါတွေကအစဌာနဆိုင်ရာက တွန်းအားပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်”ဟု ပြောသည်။

ကန်ပက်လက်မြို့နယ်မှ ပြည်သူများအနေဖြင့် ဝဥစိုက်ရန် မြေနယ်ရာများရှိကြသော်လည်း အရင်းအနှီးမတတ်နိုင်ကြဘဲ ဝဥစိုက်ရန်အတွက် အစိုးရ SME ချေးငွေရရှိနိုင်ရန် ဘိုးဘွားပိုင်းမြေများကို လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) အဖြစ် အစိုးရမှ ပြောင်းလဲပေးရန် အလိုရှိနေကြကြောင်း သိရသည်။

ချင်းပြည်နယ်တွင် ဝဥကို အဓိကအားဖြင့် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ် နှင့် မတူပီမြို့နယ်တွင်စိုက်ပျိုးကြပြီး အများစုမှာ အရင်းအနှီးမရှိသဖြင့် ဘိုးဘွားပိုင်မြေပေါ်တွင် တစ်ပိုင်တစ်နိုင်သာ စိုက်ပျိုးနေကြကြောင်းသိရသည်။

May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...