ချင်းလူမျိုးများ အစိုးရအပေါ် ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်တတ်သည့် လူမျိုးများဖြစ်စေလိုကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ပြော

ချင်းလူမျိုးများ အစိုးရအပေါ် ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်တတ်သည့် လူမျိုးများဖြစ်စေလိုကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ပြော

ဖလမ်းမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်မှ ချင်းလူမျိုးများ အစိုးရအပေါ် ကျေးဇူးသိတတ်ပြီး ကျေးဇူးဆပ်တတ်သည့်လူမျိုးများ ဖြစ်စေလိုကြောင်း မိန့်ခွန်းတွင်ပြောကြားခဲ့ ကြောင်းသိရသည်။

နိုဝင်ဘာလ (၇) ရက်နေ့က ဖလမ်းမြို့တွင် NLD ပါတီရုံးဖွင့်ပွဲပြီးနောက် မြို့နယ်ခန်းမတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ချင်းပြည်နယ် ဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း လူထုတွေ့ဆုံပွဲတက်ရောက်သည့် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှုး ဆလိုင်းငယ်ပီးကပြောသည်။

ဆလိုင်းငယ်ပီးက “ အဲဒီစကားကို မြို့နယ်ခန်းမမှာ လုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အမှာစကားပြောတဲ့အချိန်ထည့်ပြောတာပေါ့။ အဲဒီတွေ့ဆုံပွဲမှာ ဌာနဆိုင်ရာက လူကြီးတွေလည်း ပါကြတယ်။ အဲလိုစကားနဲ့ပတ်သက်ပြီးပြောရရင် NLD အစိုးရအနေနဲ့ လူထုက သူတို့ကိုကျေးဇူးတင်ဖို့ဆိုတာထက် သူတို့ကိုမဲပေးခဲ့တဲ့ လူထုကို ပိုပြီးကျေးဇူးတင်ရမှာ” ဟုပြောသည်။

သူကဆက်ပြီး ဝန်ကြီးချုပ်မှ ယခင်အစိုးရသက်တမ်းကာလထက်စာလျှင် ယခုအစိုးရလက်ထက်တွင် ချင်းပြည်နယ်အနေဖြင့် တစ်နှစ်ပြီးဖြစ်နှစ် ရန်ပုံငွေပိုရကြောင်းထည့်သွင်းပြောသည်ဟုဆိုသည်။

အဆိုပါလူထုတွေ့ဆုံပွဲတွင် ဖလမ်းမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ပူးဇုန်လှေထန်းကလည်း ချင်းပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းအရှိန်အဟုန်ဖြင့် တိုးတက်လာကြောင်း၊ ချင်းပြည်နယ်အတွက်ရသည့် ဘတ်ဂျက်ငွေများမှာ မရေတွက်နိုင်လောက်အောင်များပြားကြောင်း ပြောကြားခဲ့သည်ဟု ဆလိုင်းငယ်ပီးကပြောသည်။

အောက်တိုဘာလ ၇ ရက်နေ့၌ ဖလမ်းမြို့တွင် NLD ပါတီရုံးသစ်ဖွင့်ပွဲပြုလုပ်ခဲ့ပြီးနောက် မြို့နယ်ခန်းမတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲကို ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးများတက်ရောက်ခဲ့သည်ဟုသိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သစ်တောဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးအပြင် ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ၊ ဒု ဥက္ကဌတို့လည်း တက်ရောက်ကြကြောင်းသိရသည်။

လက်ရှိချင်းပြည်နယ်အစိုးရအဖွဲ့တွင်  NLD ပါတီမှ မဲအနိုင်ရပြီး တက်လာသူအများစုဖြစ်ပြီး ပညာရှင်လိုင်းအနေဖြင့် ခန့်ထားသည့် စည်ပင်ဝန်ကြီးနှင့် သစ်တောဝန်ကြီးတို့အပါအဝင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လူမှုရေးဝန်ကြီးတို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...