မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ခွင့်ပြုလိုက်သော လုပ်ငန်းများကို စစ်ဆေးမည်

မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ခွင့်ပြုလိုက်သော လုပ်ငန်းများကို စစ်ဆေးမည်
by -
နောင်ခန့်

မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ရင်းနှီမြုပ်နှံမှုဥပဒေအရ ခွင့်ပြုလိုက်သော လုပ်ငန်းများကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး ဘဏ္ဍာရေးနှင့် စီမံကိန်းစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ သထုံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး ဘဏ္ဍာရေးနှင့် စီမံကိန်းစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီကနေ ကုလသဂ္ဂဖွံ့ဖြိုမှုအစီစဉ် UNDP နှင့် ခြောက်လတာ ပရောဂျက်တစ်ခု လုပ်ဆောင်ရန်စီစဉ်နေကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်ရပြီးသောလုပ်ငန်းများ၊ လျှောက်ထားဆဲလုပ်ငန်းများနှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသောလုပ်ငန်းများ၏ မြေပြင်အခြေအနေများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ရင်းနှီမြုပ်နှံမှုဥပဒေအရ MIC က ခွင့်ပြုလိုက်တယ်၊ ခွင့်ပြုလိုက်ပြီးရင် ဝန်ကြီးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို မလုပ်တော့ပဲ MIC ရဲ့ ခွင့်ပြုချက်တစ်ခုတည်းကိုင်ပြီး လုပ်နေတဲ့လုပ်ငန်းတွေ တွေ့ရတယ်၊ လုပ်ငန်းစဉ်တစ်ခုလုံးမှာ မြေပြင်မှာ ဘယ်လိုတွေ ကွာဟနေလဲပေါ့ ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ အညီ လိုက်နာခြင်း ရှိမရှိကို စုံစမ်းစစ်ဆေးဖို့ အစီစဉ်တွေဆွဲနေတယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။

ရင်းနှီးမြုပ်နှံမှုဥပဒေအရ ရင်းနှီးမြုပ်နှံသူများကို အကာကွယ်ပေးရမည်ဆိုခြင်းသည် ဥပဒေနှင့် အညီ လုပ်ထုံးလုပ်နည်းများနှင့်သာ လုပ်ငန်းရှင်များကို ကာကွယ်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ဆီကနေပြီးတော့ ရင်းနှီးမြုပ်နှံမှုဥပဒေအရ ခွင့်ပြုလိုက်တယ်၊ ခွင့်ပြုလုပ်တဲ့အပေါ်မှာ လက်ရှိလုပ်ဆောင်နေတဲ့လုပ်ငန်းတွေအပေါ်မှာ ပြည်နယ်အစိုးရရဲ့ သဘောထားမှတ်ချက်တွေလိုမယ်၊ သဘာဝပတ်ဝန်းကျင်ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုတယ်”ဟု ဦးအောင်ကျော်သူက ထပ်လောင်းပြောဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ လုပ်ငန်းများကို စစ်ဆေးပြီး စစ်ဆေးတွေ့ချက်များကို ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် မွန်ပြည်နယ်လွှတ်တော်၌ အစီရင်ခံစာတင်ကာ ပြည်ထောင်စုလွှတ်တော်သို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“MIC ဆိုတာ ရင်းနှီးမြုပ်နှံမှုကော်မရှင်ပဲ၊ ရင်းနှီးမြုပ်နှံမှုကော်မရှင်ဟာ ပြည်ထောင်စုမှာ ဖွဲ့ထားတဲ့အတွက် ပြည်ထောင်စုအဆင့် ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ ပြည်ထောင်စုမှာ ရှိတဲ့ ဝန်ကြီးဌာနတွေ ထက်ကိုကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့် မရှိဘူး”ဟု ဦးအောင်ကျော်သူက ဆိုသည်။

မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး ဘဏ္ဍာရေးနှင့် စီမံကိန်းစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီသည် မွန်ပြည်နယ်အတွင်း အကောင်ထည်ဖော်ဆောင်ရွက်ထားသော စီးပွားရေး စီမံကိန်းကိစ္စများကို လေ့လာသုံးသပ်ရန် လုပ်ပိုင်ခွင့် တာဝန်ရှိကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ပြည်ထောင်စုရင်းနှီမြုပ်နှံမှုကော်မရှင်ဆီကနေ ခွင့်ပြုပြီးတဲ့လုပ်ငန်းတွေဟာ ပြည်နယ်အတွင်းမှာ တကယ်ပဲ ဥပဒေနဲ့ အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားမှု အခြေအနေတွေဟာ ပီပြင်မှု ရှိရဲ့လား ပြည်နယ်အတွက်ရော အကျိုးကျေးဇူး ရှိရဲ့လားကို မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစီစစ်ရေး ဘဏ္ဍာရေးနှင့် စီမံကိန်းစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီက ဦးစားပေး လေ့လာမယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်မှ ရင်းနှီမြုပ်နှံမှုဥပဒေအရ ခွင့်ပြုလိုက်သော လုပ်ငန်းများကို စစ်ဆေးရန် မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစိစစ်ရေး ဘဏ္ဍာရေးနှင့် စီမံကိန်းစီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်ရေးကော်မတီနှင့် ကုလသဂ္ဂဖွံ့ဖြိုးရေးအစီစဉ် UNDP တို့ မွန်ပြည်နယ်လွှတ်တော်တွင် ညှိနှိုင်းအစည်းအဝေး နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...