ချင်းဒုက္ခသည်များ ​နေရပ်​ ပြန်ခေါ်ဖို့ မဖြစ်နိုင်သေးကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှဆို

ချင်းဒုက္ခသည်များ ​နေရပ်​ ပြန်ခေါ်ဖို့ မဖြစ်နိုင်သေးကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှဆို
by -
Salai Benezer

၂၀၁၈ စက်တင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့သည့် လူထုအကျိုးဆောင် ကျေးလက်ဖွံ့ဖြိုးရေးအဖွဲ့ (CAD)၏ ချင်းလူမျိုး ဒုက္ခသည်များ ကူညီနိုင်ရေးဆိုင်ရာကြေညာချက်အပေါ် အာမခံချက်မရှိဘဲနဲ့ ချင်းဒုက္ခသည်များ ​နေရပ်​ ပြန်ခေါ်ဖို့ မဖြစ်နိုင်သေးကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဆလိုင်းဆန်နှင်းလျန်ထံမှသိရသည်။

“UNHCR အနေနဲ့ ချင်းဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ ထုတ်ပြန်မှုဟာ အရမ်းစောသေးတယ်ဆိုပြီး အဖွဲ့အစည်းပေါင်းစုံက ၀ိုင်းဝန်းတောင်းဆိုချက် နှစ်လအတွင်း ၁၂စောင်ထွက်တယ်၊ အဲဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီးနောက် Delhi UNHCR ကသူတို့ထုတ်ပြန်ချက်ကို ဆိုင်းငံ့လိုက်တယ် ဆိုပြီးကြေငြာခဲ့တယ်၊ အဲလိုမျိုး UN အနေနဲ့တောင်မှ ဆိုင်းငံ့နေတဲ့အချိန်မှာ ဒီဘက်က ဘာမှ အာမခံချက်မရှိဘဲ ပြန်လာခဲ့ပါ ဆိုတဲ့ဟာမျိုးက မဖြစ်သင့်ဘူး၊ တစ်ကယ်လို့ သူတို့ပြန်လာပြီး ဘယ်အချိန်ထိ အဲ့အဖွဲ့အစည်းကို စောင့်ရှောက်နိုင်မှာလဲ၊ အစိုးရကရော လိုအပ်တဲ့ အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေ ထုတ်ပေးနိုင်မှာလား၊ ပြန်လာတဲ့လူတွေက ခွဲခြားဆက်ဆံမခံရဘူးလို့ အာမခံနိုင်မှာလား၊ အဲဒါတွေ မရှိဘဲနဲ့ ပြန်ခေါ်ဖို့ စီစဉ်တဲ့ ဖြစ်စဉ်မျိုးက စောသေးတယ်လို့ထင်တယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ ဘာသာရေးလွတ်လပ်ခွင့်ဌာန၏ ဒါရိုက်တာ ဆလိုင်းဆန်နှင်းလျန်မှ ပြောသည်။

CAD ထုတ်ပြန်ချက်ထဲတွင် UNHCR ၏ ကြေညာချက် ထုတ်ပြန်ပြီးနောက် မိမိတို့၏ အနာဂါတ်အတွက် စိုးရိမ်ပူပန်ကြပြီး စိတ်ဓါတ်ကျနေသော မလေးရှားနိုင်ငံရောက် ချင်းလူမျိုး ဒုက္ခသည်များကို စိတ်ဓါတ်ရေးရာနှင့် ဘဝလုံခြုံမှုရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လာလိုသော ချင်းလူမျိုး ဒုက္ခသည်များကို မှန်ကန်သော စာရွက်စာတမ်းများဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်လာရေးအတွက် ၂၀၁၉ ခုနှစ်မှ စတင်ပြီး ကူညီပေးနိုင်ရေး ဟူသည့် အချက်အပါအဝင် အချက်ကိုးချက်ပါဝင်သည်။

အဆိုပါ ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ပါတ်သတ်ပြီး CAD ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဂျိုးဇက်ကုန်ဇမှုန်းမှ “ချင်းဒုက္ခသည်များအနေနဲ့ ပြန်လာချင်တဲ့ မိမိစိတ်ဆန္ဒရှိတဲ့သူတွေရှိတယ်၊ ဒါပေမဲ့ငွေမရှိဘူး၊ စာရွက်စာတမ်းမလုပ်တတ်ဘူး စတဲ့ အကူအညီလိုနေတဲ့သူတွေကို ရုံးကနေ ၂၀၁၉ကနေစပြီး ကူညီပေးဖို့ ထုတ်ပြန်လိုက်တာပါ၊ ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်က UNHCR အနေနဲ့ ချင်းဒုက္ခသည်တွေကို ၂၀၂ဝမှာ နေရပ်ပြန်ဖို့ ထုတ်ပြန်လိုက်တယ်၊ အဲဒီမှာ ချင်းဒုက္ခသည် တစ်ချို့က စိတ်ဓာတ်ကျကြတယ်၊ တစ်ချို့ကျ UNကတ်မရှိလို့ တစ်ချို့က ထောင်ကျနေကျလို့ တစ်ချို့ကျ အရက်စွဲတဲ့သူတွေက စိတ်ဓာတ်ကျပြီး တစ်ချို့ ကြိုးဆွဲချသေတဲ့သူတွေရှိတယ်၊ ဒါကြောင့် သူတို့တွေကို ကူညီဖို့ဆုံးဖြတ်လိုက်တာပါ၊ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီရောက်ဖို့နဲ့ စာရွက်စာတမ်းတွေဘာတွေရဖို့ကူညီပြီးတော့ အိမ်အရောက်ပို့ပေးမယ်၊ ဒါပေမဲ့ အလုပ်ရဖို့တော့ ဒီချင်းတောင်မှာတောင်အလုပ်ရှားနေတော့ ကူညီနိုင်မှာမဟုတ်ဘူး” ဟု ဖြေကြားခဲ့သည်။

စက်တင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်အပေါ် CAD မှ ၂၀၁၈ အောက်တိုဘာလအတွင်း ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်အစီစဉ်ရှိကြောင်း သိရသည်။

ဆန်နှင်းလျန်မှ ဆက်ပြီး “အရေးကြီးဆုံးအချက်က မြန်မာအစိုးရအနေနဲ့ သူဆီမှာ ဒုက္ခသည် ရှိတယ်ဆိုတာကို လက်မခံဘူး၊ ပြန်လာတဲ့ ဒုက္ခသည်တွေအတွက်လည်း အစိုးရက ရေရှည် အာမခံချက်ပေးထားတာမရှိဘူး၊ တစ်ကယ်လို့သာ ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ခဲ့မယ်ဆိုရင် မြန်မာအစိုးရ၊ UNHCR နှင့် မလေးရှားတို့ သဘောတူညီပြီးမှသာ ပြန်လာဖို့ ပြန်ဆင်ရမှာဖြစ်တယ်၊ ဒါပေမဲ့ အဲဒါကို မြန်မာအစိုးရနှင့် UNHCR ကမလုပ်ပေးနိုင်သေးဘူး၊ အဲဒါကြောင့် အစိုးရဘက်က ဘာမှအာမခံချက်မရှိဘဲနဲ့ NGO တစ်ခုကနေ ပြန်လာဖို့စီစဉ်ပေးမယ်ဆိုတာ အချိန်မကျသေးဘူးလို့ ကျွန်တော်မြင်တယ်” ဟု ဖြည့်စွပ်ဖြေကြားခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...