၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်အတွင်း လမ်းမြေပြိုမှုများ ရာနှုန်းပြည့် ထိန်းသိမ်းနိုင်မည်ဟု ထင်ကြောင်း ချင်းပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မျိုးထွဋ်ကပြောသည်။
“တောင်ပြိုတာကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ JICA ကနည်းပညာလာကူညီပေးတယ်။ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အပြီးမှာတော့ မြေပြိုမှုကို ရာနှုန်းပြည့်နီးပါး ထိန်းသွားနိုင်မယ်လို့ ကျွန်တော်ထင်တယ်” ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးကျော်မျိုးထွဋ်ကပြောသည်။
ချင်းပြည်နယ်အတွင်းရှိလမ်းများသည် နှစ်စဉ် မိုးရာသီကာလအတွင်း ယခင်နှစ်များထက် မြေပြိုမှု၊ လမ်းသားပဲ့မှု ဖြစ်ပေါ်နေပြီး ခရီးသွားပြည်သူများအနေဖြင့်လည်း ချင်းပြည်နယ်အတွင်း လမ်းနှင့်ပတ်သက်ပြီး အမျိုးမျိုးဝေဖန်ကြလျက်ရှိသည်။
ချင်းတောင်သယံဇာတစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ကိုလျန်တွောင်က “ လမ်းတွေဆိုတာ တကယ့် expert အင်ဂျင်နီယာတွေလုပ်ရမယ့်အလုပ်လေ။ အခုကကျတော့ ကုမ္ပဏီတွေက expert တွေမပါပဲနဲ့ မြေကို တူးရင် လမ်းရတယ်ဆိုတဲ့အသိလောက်နဲ့ မြေကိုတူးတော့ ကောင်းလာမယ်ဆိုတာ အတော်မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်သလို လမ်းဖောက်ပြီး လမ်းတူးထားတာက စနစ်မကျဘူးဆိုတာ အားလုံးသိနေတာပဲလေ။ ဒါပေမယ့် ဒီအချိန်ထိ ပြည်နယ်အစိုးရအနေနဲ့ ဒီလမ်းဖောက်နေတဲ့ အင်ဂျင်နီယာတွေ၊ ကုမ္ပဏီတွေကို အမည်ပျက်စာရင်းသွင်းထုတ်ပြန်တာမျိုးမရှိသေးဘူး။ အရေးယူမှုလည်းမရှိသေးဘူး။ ဒါကြောင့် ဒီပုံစံနဲ့ဆက်လုပ်ပြီး လာမယ့် သုံးနှစ်ကျော်ကျော်ဝန်းကျင်မှာ မြေပြိုမှုတွေကို ရာနှုန်းပြည့်နီးပါးထိန်းနိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူး"ဟုပြောသည်။
ချင်းပြည်နယ်အတွင်း မြေပြိုမှု၊ လမ်းသားပဲ့ကျမှုဆိုးဆိုးရွားရွားဖြစ်လာမှုသည် လမ်းတာချဲ့သည့် စီမံကိန်းဆောင်ရွက်လာသည့်နောက်ပိုင်း ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာခြင်းဖြစ်ပြီး မြေစာများကို စနစ်တကျ မစွန့်ပစ်မှုကြောင့် မိုးရာသီတွင် အဆိုပါမြေစာများမှ လမ်းသားကိုလည်း ဆွဲကာ ရှုမကောင်းအောင် လမ်းသားပဲ့ကျမှုတွေဖြစ်ပေါ် ခြင်းဖြစ်သည်ဟု ပြည်သူများအကြား သုံးသပ်သူများရှိသည်။
ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း ကွန်ယက်ညှိနှိုင်းရေးမှုး ဆလိုင်းယာကုတ်ထန်က “ ချင်းတောင်တစ်ခွင် ခရီးသွားတော့ တွေ့ရတာက လမ်းလုပ်တဲ့သူတွေက မြို့နဲ့နီးရင် နီးသလို အလုပ်ပိုသေသပ်တယ်။ မြို့နဲ့ဝေးရင်ဝေးသလို ဖြစ်သလိုလုပ်တာတွေကို မျက်မြင်ကိုယ်တွေ့ပါပဲ။ နောက်သုံးလေးနှစ်အတွင်း မြေပြိုမှုထိန်းတာနဲ့ပါတ်သက်ပြီး တစ်လမ်း၊ နှစ်လမ်းလောက်တော့ ဖြစ်နိုင်ပါတယ်။ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့တော့ လုံးဝမဖြစ်နိုင်ပါဘူး” ဟုပြောသည်။
ကမ္ဘာ့ဘဏ်မှလည်း ကလေး မြိို့မှ ဟားခါးအထိ နိုင်လွန်ကတ္တရာခင်းပေးရန် ရန်ပုံငွေထောက်ပ့ံမည်ဆိုပြီး ကွင်းဆင်းလေ့လာချိန်တွင် အစိုးရ၏ လမ်းတာချဲ့ခြင်း၊ လမ်းလုပ်ငန်းလုပ်ဆောင်မှုများသည် စနစ်မကျခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ခြင်း၊ အများပြည်သူများ၏ လယ်၊ ခြံ၊ ငါးကန်များကို ထိခိုုက်အောင်ဆောင်ရွက်သည်ဟုဆိုကာ ရန်ပုံငွေထောက်ပံ့မှုကို ပြန်လည်သုံးသပ်ရန် စာပင်ထုတ်ပြန်ခဲ့ဖူးသည်။ ထို့နောက် အစိုးရမှ နစ်နာသည့် လူထုထံ လျော်ကြေးများပြန်လည်ပေးအပ်ပြီးနောက်ပိုင်း ပြန်လည်အဆင်ပြေခဲ့သည်။
ချင်းတောင်သယံဇာတစောင့်ကြည့်ရေးအဖွဲ့ ကိုလျန်တွောင်က “ ဖြစ်စေချင်တာကတော့ လမ်းလုပ်တဲ့အပိုင်းမှာ တတ်သိပညာရှင် အင်ဂျင်နီယာတွေဦးဆောင်တာမျိုးဖြစ်စေချင်တယ်။ အခုသူတို့လုပ်နေတဲ့ဟာနဲ့ပတ်သက်ပြီး ချပြပါတယ်ဆိုပြီးတော့ သာပြောနေတာ။ အများပြည်သူ အမှန်တကယ်သိသင့်တဲ့ သတင်းအချက်အလက်တွေမရကြဘူး။ ဒီဟာမျိုးကောင်းကောင်းပေးရင် ပြည်သူကိုယ်တိုင်လည်း ထိန်းသိမ်းနိုင်တာပဲ။ အခုလုပ်နေတဲ့ အင်ဂျင်နီယာတွေ၊ ကုမ္ပဏီတွေကို စိစစ်ပြီး အရည်အသွေးပြည့်မီအောင်မ လုပ်တဲ့သူတွေကို မြန်မြန်ခါထုတ်မှ အဆင်ပြေမှာ” ဟုပြောသည်။
ချင်းပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး အဲန်အယ်ဒီအစိုးသစ်လက်ထက်တွင် နှစ်စဉ် ပြည်နယ်အစိုးရ ရန်ပုံငွေ၏ ၅၂ ရာခိုင်နှုန်းအထိအသုံးပြုလျက်ရှိသည်။ ထို့ကြောင့် ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်းမှလည်း အစိုးရအဖွဲ့အနေဖြင့် ငွေကို စနစ်တကျ၊ ထိထိရောက်ရောက် အသုံးပြုသင့်ကြောင်း၊ ယခုအခြေအနေ သည် နှစ်တိုင်းလမ်းပြင်သော်လည်း ပိုကောင်းလာသည်ဟု မတွေ့ရကြောင်း ဝေဖန်ထောက်ပြခဲ့ဖူးသည်။







