ရန်ကုန်လေဆိပ်တွင် မလေးရှားပြန်ချင်းလူမျိုး(၂)ဦး အဖမ်းခံရသည့်ပြသနာမျိုးထပ်မဖြစ်စေရန် UNHCR အနေဖြင့်ဆုံးဖြတ်ချက်အတိုင်းအကောင်အထည်ဖော်လာလျှင် CNFနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သင့်ဟုတရားလွှတ်တော်ရှေ့နေပြော

ရန်ကုန်လေဆိပ်တွင် မလေးရှားပြန်ချင်းလူမျိုး(၂)ဦး အဖမ်းခံရသည့်ပြသနာမျိုးထပ်မဖြစ်စေရန် UNHCR အနေဖြင့်ဆုံးဖြတ်ချက်အတိုင်းအကောင်အထည်ဖော်လာလျှင် CNFနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သင့်ဟုတရားလွှတ်တော်ရှေ့နေပြော

မလေးရှားနိုင်ငံမှ မြန်မာပြည်သို့ပြန်လာသည့် ချင်းလူမျိုး (၂) ဦး ရန်ကုန်လေဆိပ်တွင် အဖမ်းစီးခံရပြီး စွဲဆိုထားသည့် ပြစ်မှုများမှာ ပေါ်လစီပိုင်းများနှင့် သက်ဆိုင်နေခြင်းကြောင့် ထိုသို့ထပ်မံမဖြစ်စေရန် ချင်းဒုက္ခသည်များနေရပ်ပြန်ရေး UNHCR အနေဖြင့် ဆုံးဖြတ်ချက်အ တိုင်းဆောင်ရွက်လျှင် ချင်းအမျိုးသားတပ်ဦးနှင့် လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့်လည်း အစိုးရနှင့်တိုက်ရိုက်ဆွေးနွေးမှုဖြင့် ပူးပေါင်းပါဝင်သင့်ကြောင်း အဆိုပါအမှုလိုက်ပေးနေ သူ တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်ကပြောသည်။

UNHCR မှ ချင်းပြည်နယ်သည် ငြိမ်းချမ်းပြီဖြစ်သဖြင့် ၂၀၁၉ ခုနှစ်အပြီး မလေးရှားနှင့် အိန္ဒိယတွင်နေထိုင်သည့် ချင်းလူမျိုးဒုက္ခသည်များအား နေရပ်ပြန်ရန် စာထုတ်ပြန်မှုကြောင့် သတ်မှတ်နောက်ဆုံးရက်မတိုင်မီ မြန်မာပြည်တွင်းသို့ ပြန်လာသည့် ဆလိုင်းဗန်ကျဲအိုထောင်းနှင့် မိုင်အွမ်လှူးတို့ အဖမ်းခံရပြီး မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ တရားမဝင် နိုင်ငံခြားသွားရောက်မှုတို့ဖြင့် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေဦးငိုင်ဆာ့ခ်က “ သူတို့ကို စွပ်စွဲတဲ့ပုဒ်မတွေက ပေါ်လစီကိစ္စရပ်တွေနဲ့လည်းပတ်သက်နေတာဖြစ်တာကြောင့် ချင်းအမျိုးသားတပ်ဦးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေဝိုင်းပြောဖို့လိုပါတယ်။ ပြန်လာသူတွေကတော့ နိုင်ငံကူးလက်မှတ်ကိုင်လာတယ်။ အဲဒီလက်မှတ်က ပွဲစားကနေ အမှန်အကန်လုပ်ပေးတယ်ဆိုပြီးတော့သူတို့က ယုံပေမယ့် အတုဖြစ်နေတယ်။ ပွဲစားက လိမ်လိုက်တာပေ့ါ။ သူတို့ပြန်လာတဲ့အခါကျတော့ နိုင်ငံကူးလက်မှတ် အတုကိုင်ဆောင်မှုဆိုတဲ့ဟာက တစ်မှု၊ နောက်တစ်မှုက တရားမဝင် သွားတယ်ဆိုပြီးထပ်လုပ်တယ်။ တရားမဝင်သွားတယ်ဆိုတာ ချင်းအားလုံးကဖြစ်နေမှာပဲ။ တရားမဝင်သွားမှုကလည်း ထောင်ဒဏ်က မနည်းဘူး။ ငါးနှစ်အထိဖြစ်တယ်။ နိုင်ငံကူးလက်မှတ် အတုလုပ်တာကတော့ အရေးယူလို့ရပါတယ်။ ဒါပေမယ့် စဉ်းစားစရာက ၈၈ အရေးခင်းကြောင့် ဒုက္ခရောက်လို့ တခြားအကြောင်းကြောင်းကြောင့် ထွက်ပြေးခိုလှုံတဲ့သူတွေက နိုင်ငံကူးလက်မှတ်လုပ်ပြီး ထွက်ပြေးရမယ်ဆိုတာမျိုးက အဓိပါယ်မရှိဘူးလေ။ အဲဒါကို နိုင်ငံခြားကပြန်လာတဲ့အခါကျတော့ တရားဝင်ထွက် သွားတာမဟုတ်ဘူးဆိုပြီး လဝက ဥပဒေနြဲ့့ပန်စွဲတာကျတော့ တကယ့်ဒုက္ခရောက်တဲ့နိုင်ငံခြားရောက် ချင်းတွေအတွက် ပြသနာလေ” ဟုပြောသည်။

ပုံမှန်အားဖြင့် တရားရုံးများမှ ရက်ချိန်းကို နှစ်ပတ်လျှင် တစ်ကြိမ်သာချိန်းဆိုလေ့ရှိသော်လည်း အပြစ်ရှိမရှိ မဆုံးဖြတ်ခင် အချုပ်ခန်းတွင် ကြာရှည်စွာမနေစေလိုသည့်အတွက် တစ်ပတ်လျှင် နှစ်ချိန်ရက်ရုံးချိန်းနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဦးငိုင်ဆာ့ခ်ကပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးငိုင်ဆာ့ခ်က “အမှုကိုလည်း မြန်မြန်ပြီးစေချင်တော့ ထုံးစံအားဖြင့်တော့ နှစ်ပတ်မှာ တစ်ခါ အမှုချိန်းလေ့ရှိတယ်။ ဆရာ့အနေနဲ့တော့ တစ်ပါတ်မှာ နှစ်ခါရုံးချိန်းတောင်းတယ်။ တစ်ပါတ်မှာ နှစ်ခါချိန်းနိုင်အောင် တခြားအမှုတွေကို ဘေးဖယ်ပြီးတော့ သူတို့ကို ဦးစားပေးလိုက်တာပေါ့နော်” ဟုပြောသည်။

သူကဆက်ပြီး “ ဒုက္ခရောက်လို့ ထွက်သွားပါတယ်ဆိုမှ သူတို့ပြန်လာတဲ့အခါကျတော့ တရားမဝင်ဆိုပြီးပြောတဲ့ပြသနာက Refugee တိုင်းကြုံတွေ့ရမယ့် ဒုက္ခပဲ။ နိုင်ငံကူးလက်မှတ်အတုကို အစစ်လို့ထင်ပြီးပြန်လာပေမယ့် အတုဖြစ်နေတော့ ဥပဒေအတိုင်းတရားစွဲတာမှန်ပါတယ်။ တရားမဝင်ထွက်သွားတယ်ဆိုပြီး ဥပဒေအတိုင်းတရားစွဲတာမှန်ပါတယ်။ ဒါပေမယ့် ဒုက္ခရောက်လို့ တရားမဝင်သွားပါတယ်ဆိုတာတကယ် မှန်နေရင် တရားမဝင်နဲ့သွားတယ်ဆိုတဲ့ လဝက တရားစွဲတာဟာ မဖြစ်သင့်ဘူးပေါ့။ ဒါတွေကို ညှိပေးရပါလိမ့်မယ်” ဟုပြောသည်။

လဝက မှစွဲဆိုထားသည့် နိုင်ငံကူးလက်မှတ်အတုကိစ္စနှင့်ပတ်သက်ပြီး ပုဒ်မ (၃) ခုဖြင့် စွဲဆိုခြင်းဖြစ်သဖြင့် အဆိုပါပုဒ်မများသည် တစ်မှုလျှင် ထောင်ဒဏ် (၇) နှစ်အထိ ကျခံနိုင်သည့် အမှုများဖြစ်ကြောင်း၊ နိုင်ငံကူးလက်မှတ်မှာလည်း ကိုယ်တိုင်လုပ်ဆောင်ခြင်းမဟုတ်သဖြင့် လိမ်လည်မှုမမြောက်သည့်ပုံစံ ပြန်လုပ်ရမည်ဖြစ်ကြောင်း၊ တရားမဝင်သွားခဲ့သည်ဆိုသည့် စွဲဆိုသည့်အမှုမျိုးမှာမူ ပေါ်လစီနှင့်သက်ဆိုင်ကြောင်း ဦးငိုင်ဆာ့ခ်ကပြောသည်။

ချင်းလူမျိုးဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရမှ နေရပ်ပြန်လည်စီစဉ်ပေးရေး လုပ်ဆောင်ပေးမည်ဟု ဆိုနေသော်လည်း ဦးငိုင်ဆာ့ခ်မှ ထိုသို့ရှေ့ကြိုစဉ်းစားပေး၊ မက်လုံးပေးနေခြင်းထက် UNHCR မှ သူ၏ဆုံးဖြတ်ချက်မရုတ်သိမ်းပါက ချင်းလူမျိုးဒုက္ခသည်များအတွက် အရင်ဆုံးချောချောမောမောဖြင့် မိသားစုနှင့်ပြန်ဆုံနိုင်ရန် ပထမအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ဦးငိုင်ဆာ့ခ်က “အရင်ဆုံးချောချောမောမောနဲ့ မိသားစုနဲ့ပြန်ဆုံနိုင်အောင် ရောက်နိုင်ဖို့က အဓိကလုပ်ရမယ့်ဟာဖြစ်တယ်။ အခုက မျက်ရည်မျက်ခွက်နဲ့ ပဲမိသားစုနဲ့ပြန်တွေ့ရတာ စိတ်မချမ်းသာစရာတွေဖြစ်နေတာ” ဟုပြောသည်။

UNHCR မှ ချင်းပြည်နယ်တွင် အသက်အန္တရယ်ရှိလောက်သည့်အထိ စိုးရိမ်စရာမရှိတော့ကြောင်း၊ နေရပ်ငြိမ်းချမ်းပြီဖြစ်ကြောင်း ပြောဆိုမှုနှင့်ပတ်သက်ပြီး မလေးရှားနေချင်းလူမျိုးဒုက္ခသည်များမှ ကန့်ကွက်ကြောင်းဆန္ဒထုတ်ဖော်ခြင်း၊ ပြန်လည်သုံးသပ်ရန် စာရေးသားပေးပို့ခြင်း၊ နိုင်ငံရေးပါတီများမှ သဘောထားထုတ်ပြန်ခြင်းများရှိနေခဲ့ပြီး မလေးရှားနှင့် အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေသည့် ချင်းလူမျိုးများအနေဖြင့်လည်း စိုးရိမ်လျက်ရှိသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...