ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေဖြင့် ငါးဖမ်းနေသည့် ရခိုင်အမျိုးသား တစ်ဦးအား စစ်တပ်မှ လူမှား ပစ်မိသဖြင့် ဒဏ်ရာရကာ ဘူးသီးတောင်တွင် ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။
“ သူက ကိုင်ကြီးရွာကပါ။ စက်လှေနဲ့ ပင်လယ်ပြင်မှာ ပိုက်ချနေတာပါ။ အဲဒါကို အမှတ် (၅၅၁) တပ်ရင်းက ကုန်းပေါ်ကနေ လူမှားပြီး ပစ်ခတ်တဲ့အတွက် ညာဘက်ပေါင်မှာ ဒဏ်ရာ ရရှိသွားပါတယ်။ ဖြစ်တာက ဇွန် ၂၅ ရက် နေ့လယ် ၂ နာရီ အချိန်မှာဖြစ်တာပါ” ဟု ကိုင်းကြီးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောကြားသည်။
သေနတ်ဒဏ်ရာ ရရှိခဲ့သူမှာ ကိုင်းကြီးရခိုင်ရွာမှ သားသမီး ၆ ဦးဖခင် ဦးအောင်လှစိန် (၆၈)နှစ် ဖြစ်ကြောင်း သိရသည်။
“ အခု သူကို ဘူးသီးတောင် ဗျူဟာဂိတ်ဆေးရုံမှာတင်ထားပါတယ်။ ဒဏ်ရာက ညာဘက်ပေါင်မှာ ရပါတယ်။ အရိုးတော့ မထိဘူး။ စိုးရိမ်စရာမရှိပါဘူး။ တပ်ကဘဲ တာဝန်ယူပြီး ကုသပေးနေပါတယ်” ဟု သူက ပြောဆိုသည်။
ဦးအောင်လှစိန်သည် မောင်တောမြို့နယ် တောင်ပိုင်း ပင်လယ်ဝတွင် စက်လှေဖြင့် ငါးဖမ်းပိုက်ချနေစဉ် လူမှားပစ်ခံရခြင်းဖြစ်ပြီး ယမန်နေ့ညနေ ၅ နာရီကျော်တွင် ဆေးရုံသို့ ပို့ဆောင်နိုင်ခဲ့သည်ဟု သိရသည်။







