ပေါက်တော၌ စစ်အုပ်စုတပ် စစ်သင်္ဘောက လှေဆိပ်ကို ဝင်ရောက်ပစ်ခတ်၍ ငါးဖမ်းလှေအချို့ နစ်မြုပ်

ပေါက်တော၌ စစ်အုပ်စုတပ် စစ်သင်္ဘောက လှေဆိပ်ကို ဝင်ရောက်ပစ်ခတ်၍ ငါးဖမ်းလှေအချို့ နစ်မြုပ်

ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ) မြေငူကျွန်းအရှေ့ဘက်ခြမ်းရှိ စောမဲကျီကျေးရွာ လှေဆိပ်သို့ ပင်လယ်ဝတွင် ရပ်နားထားသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော (နေဗီ) နှစ်စီးက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ငါးဖမ်းလှေအချို့ နစ်မြုပ်သွားသည်။

စက်တင်ဘာ ၁၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဆံတော်ရှင်ကျွန်းဟု ခေါ်ဆိုသည့် မြေငူကျွန်းထိပ် ပင်လယ်ဝ၌ တပ်စွဲထားသော စစ်အုပ်စုတပ်၏ စစ်သင်္ဘောနှစ်စီးသည် စောမဲကျီရွာ လှေဆိပ်အနီးအထိ ကပ်မောင်းလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ ကျေးရွာသားတစ်ဦးက “မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်က ဆံတော်ရှင်ကျွန်းလို့ ခေါ်တဲ့ မြေငူကျွန်း ထိပ်က ပင်လယ်ဝမှာ ရပ်နားထားတဲ့ နေဗီနှစ်စီးက စောမဲကျီရွာ လှေဆိပ်ကို အနီးကပ် ခုတ်မောင်းလာပြီး လက် နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်တာတွေ လုပ်သွားပါတယ်။ တချို့လှေလုပ်သား၊ ရေလုပ်သားတွေဟာ စက် လှေတွေနဲ့ အတူ နစ်မြုပ်သွားတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ ဝင်ရောက်လာသည်ကို မြင်တွေ့ရသည်နှင့် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သော်လည်း ပစ်ခတ်မှုဖြစ်ပွားချိန် ငါးဖမ်းလှေပေါ်တွင် ကျန်ရှိနေခဲ့သူများ၏ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုမူ သီးခြား အတည်မပြုနိုင်သေးပေ။

“နေဗီ ၂ စီးက အရင်ကတည်းက ပင်လယ်ဝမှာ နေတယ်။ မနေ့က ဘာဖြစ်လည်းမသိဘူး။ အဲဒီက ရေလက် ကြားကို ဝင်လာပြီး ပစ်ခတ်သွားတယ်။ လှေဆိပ်မှာလည်း လှေတွေ အများကြီးရှိတယ်။ တချို့လှေတွေ နစ်မြုပ်သွားတာတွေ ရှိတယ်” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

စစ်အုပ်စုတပ်က ရွာအနီးအထိ ကပ်မောင်း၍ လှေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာသား များမှာ ကြောက်လန့်တကြား ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အခြား ဒေသခံအမျိုးသားတစ်ဦးကလည်း “ကြောက်တာပေါ့။ ကျေးရွာနားကိုတောင် ကျရောက်ပေါက် ကွဲ တယ်။ ပြီးတော့ အခုလို လှေသမားတွေ အလုပ်လုပ်နေချိန် ရွာနားထိလာပစ်တော့ အကုန်ကြောက်လို့ ထွက် ပြေးရတယ်” ဟု ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါဒေသ၌ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် အသေးစိတ် နောက် ဆက်တွဲ အခြေအနေများကို သိရှိနိုင်ရန် ခက်ခဲလျက်ရှိသည်။

ပေါက်တောမြို့နယ် ပင်လယ်ကမ်းစပ်ရှိ ကျေးရွာများကို စစ်အုပ်စုတပ်က စစ်သင်္ဘောများ၊ လေကြောင်းလိုင်း များဖြင့် ပစ်ခတ်သည့်အပြင် စစ်တွေမြို့အခြေစိုက် တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေသဖြင့် ကျွန်းပေါ်ရှိ ပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

ဓါတ်ပုံ - (ပေါက်တောမြို့အနီး ချဉ်းကပ်လာသော စစ်ရေယာဉ်တစ်စီး။ / Kyaw Zorr Tun - ပုံဟောင်း)

September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...