စစ်အုပ်စု၏ လေကြောင်းအန္တရာယ်ကြောင့် သံတွဲနှင့် ဂွမှ ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရ

စစ်အုပ်စု၏ လေကြောင်းအန္တရာယ်ကြောင့် သံတွဲနှင့် ဂွမှ ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

ရခိုင်/အာရက္ခပြည်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်ရသဖြင့် ရေလုပ်ငန်းကို အမှီပြုနေရသည့် ကမ်းခြေအနီး ကျေးရွာအချို့မှ ပြည်သူများ နေရပ်ဒေသများကို ထပ်မံစွန့်ခွာနေကြရသည်။

သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့အား စစ်အုပ်စုတပ်က လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသည့်အပြင် စစ် လေယာဉ်များ မကြာခဏ ပျံဝဲနေခြင်းကြောင့် အရပ်သားပြည်သူများ စိတ်မလုံခြုံမှုနှင့် စိုးရိမ်စိတ်များ ဝင်ရောက် နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်တွေက မကြာမကြာ ဗုံးလာကြဲတော့ အရပ်သား သေဆုံးမှုတွေလည်း ရှိနေတယ်။ နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးမှုတွေရှိနေတယ်။ လေယာဉ်တွေသာမက ဟိုတလောက နေဗီပစ်ခတ်သံတွေ ကြားရတယ်။ လေယာဥ်တွေလည်း ခဏခဏဝဲနေတော့ မိသားစုတွေလည်း မနေရဲကြတော့ဘူး။ ကိုယ့်မိသားစု ဘေးကင်းမယ် ထင်တဲ့ နေရာတွေကိုတော့ ပြန်ပြောင်းနေကြတယ်။”

ပထမတစ်ကြိမ် စစ်ဘေးရှောင်ခဲ့ရပြီးဖြစ်သဖြင့် ဒုတိယတစ်ကြိမ် ထပ်မံ စစ်ဘေးရှောင်ရန်အတွက် များစွာ အခက်အခဲဖြစ်ပေါ်နေကြောင်း ဂျိတ္တောကျေးရွာတွင် ရေလုပ်ငန်းဖြင့် ရပ်တည်နေသူတစ်ဦးက ပြောသည်။

“ပထမအကြိမ်စစ်ဘေးရှောင်ကတည်းက မနည်းဝမ်းရေးအတွက်ရပ်တည်ဖို့ ပြန်ကြိုးစားနေရတာ။ ပျက်စီး ဆုံးရှုံးတာတွေကြားထဲမှာ ထပ်ပီးစစ်ဘေးရှောင်ရရင် ဘယ်လိုမှရပ်တည်နိုင်မယ်မထင်ဘူး” ဟု ၎င်းက ပြော သည်။

လက်ရှိအချိန်တွင် နေရပ်ကို စွန့်ခွာသူများ ရှိနေသကဲ့သို့ အရဲစွန့်ကာ မိမိတို့ကျေးရွာ၌ ဆက်လက်နေထိုင်၍ ဝမ်းစာရေးအတွက် ကြိုးစားရုန်းကန်နေရသူများလည်း ရှိနေသည်။ ထို့ပြင် ငွေကြေးအခက်အခဲကြောင့် အခြားဒေသသို့ ပြောင်းရွှေ့ရန် ခက်ခဲနေသူများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

စစ်အုပ်စုတပ်သည် စက်တင်ဘာလ ၁၈ ရက် နံနက် ၁၁ နာရီကျော်အချိန်ကလည်း သံတွဲမြို့နယ်၊ အိုးမြေကျေးရွာ ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၂၀ အရွယ် ကိုခန့်မင်းသူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက် နံနက် ၁၀ နာရီ ၂၇ မိနစ်တွင် သံတွဲမြို့ကို ဂျက်တိုက်လေယာဉ် တစ်စီး ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲချခဲ့သဖြင့် သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်မှ အပြစ်မဲ့ အရပ်သားပြည်သူ အသက် ၈၃ နှစ်အရွယ် ဒေါ်သန်းသန်းကြွယ် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး မမို့မို့မြင့်အောင် (၂၈ နှစ်)၊ ဒေါ်အေးအေးကြွယ် (၆၆ နှစ်) နှင့် ကိုရန်နောင်ထက် (၂၈ နှစ်) တို့ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူများ၏ လူနေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

စက်တင်ဘာလ ၆ ရက် မွန်းလွဲ ၂ နာရီ ၅၂ မိနစ်ခန့်ကလည်း သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာနှင့် စပါးကြီး ကျေးရွာတို့ကို စစ်အုပ်စုတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော် လည်း လူနေအိမ် ၈ လုံး လုံးဝပျက်စီးသွားခဲ့ရသည်။

September 19, 2026
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ...
September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...