မွန်ပြည်သစ်ပါတီဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

မွန်ပြည်သစ်ပါတီဦးဆောင်ကျင်းပမည့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရက်ရွှေ့ဆိုင်း

မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပမည့်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လာမည့် ဧပြီလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ရေးမြို့တွင် ပြုလုပ်ကျင်းပရန် လျာထားခဲ့သော်လည်း အဆိုပါအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲများပြုလုပ်ရန် လိုအပ်သည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်း မွန်ပြည်သစ်တပ်တည်နေရာတွေမှာ လူထုတွေ့ဆုံရှင်းလင်းပွဲလုပ်ရန် ယခုလအစောပိုင်းက စီစဉ်ခဲ့သော်လည်း တပ်မတော်မှ လူဦးရေကန့်သတ်မှုအပေါ် နားလည်မှုရအောင် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

'' ခုထိ သေသေချာချာ ရေရေရာမဖြစ်သေးဘူး၊ ခုထက်ထိ လူထုတွေ့ဆုံရှင်းလင်းဖို့အတွက် မလုပ်ရသေးဘူး၊ အဲဒါကြေင့် ရက်ရွှေ့လိုက်ရတာပေါ့၊ အမျိုးသားအဆင့်ဆွေးနွေးပွဲလဲ ရက်ထပ်ရွှေ့ဖို့ NRPC, UPDJC သက်ဆိုင်ရာတွေကို စာတင်ထားပါတယ်၊ ရေးမြို့မှာလုပ်ဖို့အတွက် ကျွန်တော်တို့အာသီသရှိတယ်၊ ပြည်သူတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုရှိသလဲ၊ ဘယ်လိုအကြံပေးမလဲ၊ ဘယ်လိုသွားကြမလဲ၊ အင်န်စီအေနဲ့အတူ အဆိုပြုချက် ၈ ချက်လဲကျလာတာဆိုတော့ ဒါတွေကိုလည်းပြောပြရမှာပေါ့၊ ဒါကြောင့် လူထုတွေ့ဆုံရှင်းလင်းဖို့အတွက်လည်း အထူးလိုအပ်တာပေါ့၊ ကရင်မှာလဲ မွန်လူမျိုးအများဆုံးရှိတဲ့နေရာတွေမှာ ကျွန်တော်တို့ရဲ့တပ်တည်နေရာတွေမှာ လျာထားတာပေါ့၊ ဘာမှဖြစ်စရာအကြောင်းမရှိပါဘူး၊ အဲဒီအတွက် တပ်မတော်နဲ့ နားလည်မှုရအောင် ဆက်ပြီးတော့ ညှိနှိုင်းသွားပါ့မယ် '' လို့ မွန်ပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ နိုင်အောင်မငေးက ဆက်လက်ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲမတိုင်ခင် လူထုတွေ့ဆုံရှင်းလင်းပွဲဆောင်ရွက်မယ့်ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှ အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက " ကျွန်တော်ထင်တယ် ခွင့်တောင်းစရာလဲမလိုဘူး၊ ခွင့်ပြုချက်တောင်းဖို့လည်းမလိုအပ်ဘူးလို့ ဒီလိုပဲမြင်ပါတယ်၊ အခု အမျိုးသားအဆင့်ဆွေးနွေးပွဲလုပ်ဖို့ကျတော့ ညှိနှိုင်းနေတဲ့အနေအထားလို့ပဲကြားရတယ်၊ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေမတိုင်ခင် ဆက်စပ်ဆွေးနွေးပွဲတွေက ရှိကိုရှိရမယ်၊ ရှိသင့်တယ်၊ အမျိုးသားအဆင့်ကဘယ်လိုပုံစံကျင်းပမယ်၊ ဘယ်သူတွေလာဆွေးနွေးမလဲ၊ ဘယ်လိုပုံသဏ္ဍာန်ဆွေးနွေးကြမလဲ၊ ဘာခေါင်းစဉ်တွေဆွေးနွေးကြမလဲဆိုတာပေါ့၊ အမျိုးသားအဆင့်ရေးထားတော့ မွန်လူမျိုးတစ်မျိုးလုံးပါတာပေါ့၊ ဒီနေ့ပဲကျင်းပ ဒီနေ့ပဲအမျိုးသားအဆင့် ဒီခေါင်းစဉ်တပ်ဆွေးနွေးဆိုတော့ ဘယ်လိုမှ သဘာဝမကျဘူး၊ ကန့်သတ်မှုတွေလုပ်တယ်ဆိုတာက ဘာကြောင့်လုပ်လဲ ဘာစိုးရိမ်စရာရှိနေလဲဆိုတာကတော့ တားမြစ်တဲ့အဖွဲ့အစည်း၊ ကန့်သတ်တဲ့အဖွဲ့အစည်းကိုပဲ မေးရမှာပါ၊ အမျိုးသားအဆင့်အောင်အောင်မြင်မြင်နဲ့ပြီးစီးနိုင်ဖို့လိုအပ်တယ် ''ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီအနေနဲ့ ယခုလ ၂၃ ရက်နေ့က အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ်မှာကျင်းပနိုင်ဖို့အတွက် ကော်မတီဝင် ၉ ဦးပါ မွန်ပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းခဲ့သည်။

Most read this week

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...