ဓာတ်ဆီပုံး နေပူထဲတွင် ထားရာမှ တဆင့် မီးလောင်ခဲ့ရာ နေအိမ် သုံးလုံး၊ ဆိုင်ခန်း တစ်ခန်းနှင့် မော်တော်ယာဉ် နှစ်စီး မီးလောင်ဆုံးရှုံး၊ ဆီဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ဓာတ်ဆီပုံး နေပူထဲတွင် ထားရာမှ တဆင့် မီးလောင်ခဲ့ရာ နေအိမ် သုံးလုံး၊ ဆိုင်ခန်း တစ်ခန်းနှင့် မော်တော်ယာဉ် နှစ်စီး မီးလောင်ဆုံးရှုံး၊ ဆီဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
by -
နောင်ခန့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သံလွင်စျေးရှေ့ရှိ ဆီဆိုင်၌ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က ဓာတ်ဆီပုံး နေပူထဲတွင် ထားရာမှ တဆင့် မီးလောင်ခဲ့ရာ နေအိမ် သုံးလုံး၊ ဆိုင်ခန်း တစ်ခန်းနှင့် မော်တော်ယာဉ် နှစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆီဆိုင်ပိုင်ရှင် ဦးအောင်မင်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၁၅×၄၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ (၁၂×၂၅)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ (၁၅×၃၀)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဆိုင်ခန်း တစ်ခန်း၊ (၃၀×၅၀)ပေ သွပ်မိုး၊ RC ထပ်တိုက် နေအိမ်၏ (၅×၅၀)ပေ အဖီ တစ်ခု၊ PubLica အမျိုးအစားမော်တော်ယာဉ် တစ်စီးနှင့် Hijet အမျိုးအစားမော်တော်ယာဉ် တစ်စီးတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးဌာန၏ မှတ်တမ်းတွင် ရေးသားထားသည်။

ဆီဆိုင် မီးလောင်ရာတွင် ဆီဆိုင်ပိုင်ရှင် ဦးအောင်မင်း၏ ခန္ဓကိုယ်အောက်ပိုင်းခြေနှင့် လက်များမီးလောင်ခံရ၍ မော်လမြိုင်မြို့ပြည်သူဆေးရုံသို့ မော်လမြိုင်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးခဲ့သည်။

မီးလောင်ရာသို့ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ အကူရေသယ်ယာဉ် ၅ စီးဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၉ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ဝိုင်ဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ၌ မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် ဆုံံးရှုံးမှုတန်ဖိုးငွေ ၁၁၃၄၀၀၀၀ ကျပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးဌာန၏ မှတ်တမ်းတွင် ပါရှိသည်။

“နေပူထဲမှ ထားတဲ့ဆီပုံးကနေ မီးလောင်တဲ့ မီးလောင်တော့ ဆိုင်ရှင်ကို ပြောတယ်၊ ဆိုင်ရှင် မီးငြိမ်းတယ်၊ သားတို့ ဆိုင်ရဲ့ အနောက်ဘက်ကနေ ထွက်ပြေးခဲ့ရတယ်” ဟု အဆိုပါဆိုင်တွင် အလုပ်လုပ်သော ကလေးငယ်နှစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သတ်၍ ဆီဆိုင်ပိုင်ရှင် ဦးအောင်မင်းကို မော်လမြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ (ပ) ၁၀၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးဌာနမှ သိရသည်။

 

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...