ကလေးများနှင့်အတူ နွေးထွေးသော ဆက်ဆံရေးအတွက် ရည်ရွယ်သည့် အပြေးပြိုင်ပွဲ ကရင်နီဒုက္ခသည်စခန်းတွင် ပြုလုပ်

ကလေးများနှင့်အတူ နွေးထွေးသော ဆက်ဆံရေးအတွက် ရည်ရွယ်သည့် အပြေးပြိုင်ပွဲ ကရင်နီဒုက္ခသည်စခန်းတွင် ပြုလုပ်
by -
စူးမယ်

ကလေးများနှင့်အတူ နွေးထွေးသောဆက်ဆံရေးအတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုကို ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် ပထမဆုံးအကြိမ် အပြေးပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

ကလေးများနေ့ အပြေးပြိုင်ပွဲကို ကလေးများသာမက လူလတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်း အယောက် ၅၀၀ ခန့် ပူးပေါင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

စခန်းအတွင်းရှိ ကလေးငယ်များအချို့သည် မိသားစုအတွင်း လစ်လျူရှု့ခံရခြင်း၊ ပတ်ဝန်းကျင်မှ ခွဲခြား ဆက်ဆံမှုများ ရှိနေသောကြောင့် အခုကဲ့သို့ ပြုလုပ်ပေးခြင်းသည် ကလေးငယ်များအတွက် ပျော်ရွင်မှု ရစေသည်ဟု ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့ဝင် မရှားရိုက ပြောသည်။

“တချို့ဆိုရင် လစ်လျူရှု့တာတွေကို ခံနေရတယ်။ ရုပ်ပိုင်းဆိုင်ရာတွေလည်း ခံရတာတွေ ရှိနိုင်တယ်။ ဆိုတော့ ဒီရက်ဟာ သူတို့ရဲ့အခွင့်အရေးနေ့ ဖြစ်တဲ့အတွက် သူတို့အတွက် စိတ်ထဲမှာ ပျော်ရွင်မှုတွေ ရကြတာပေါ့။”ဟု ပြောသည်။

ယခင်နှစ်များတွင် ကလေးများနေ့ကို အခမ်းအနားသာ ပြုလုပ်ခဲ့ပြီး ကျောင်းသား လူငယ်နှင့် လူမှုအသင်းအဖွဲ့များသာ ပူးပေါင်းပါဝင်နိုင်ခဲ့ကြသည်။

Run For Child Rights “ကလေးအခွင့်အရေးအတွက် ပြေးကြစို့”ဟူသော ခေါင်းစဉ်ဖြင့် ၃.၅ ကီလိုမီတာ အကွာအဝေးရှိ ကရင်နီ ဒုက္ခသည်စခန်းအတွင်းရှိ လမ်းကျဉ်းလေးတွင် အပြေးပြိုင်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

COERR မှ တာဝန်ရှိသူ Benjawan Maliwan က”အရင်နှစ်တွေက ကျမတို့အနေနဲ့ ကလေးများနေ့ အခမ်းအနားကို ကျင်းပပြုလုပ်လေ့ရှိခဲ့ပေမယ့် ကလေး၊ ကျောင်းသားနဲ့ ပါဝင်နိုင်တဲ့ သူတွေလောက်ပဲ ပါဝင်ကြတယ်။ ဆိုတော့ ဒီနှစ်မှာ အားလုံး ပူးပေါင်း ပါဝင်နိုင်ဖို့ ဆိုပြီးတော့ ဒီလှုပ်ရှားမှုလေးကို လုပ်တာ ဖြစ်တယ်။”ဟု သူက ပြောပါသည်။

ကလေးသာမကပဲ အသက် ၆၀ အထိ အရွယ်စုံတဲ့ ကျား၊မ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ ကလေးနှင့် လူကြီးအကြား နီးစပ်မှု ပိုမိုရရှိရန် ပွဲကျင်ပသူများက ရည်ရွယ်နေခြင်းဖြစ်သည်။

အပြေးပြိုင်ပွဲတွင် ပါဝင်သည့် အသက် ၅၁ နှစ်အရွယ် မော်ဖိုးမြာက “ကလေးများနေ့မှာ ပြေးရတာ အရမ်းပျော်တယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ကျမတို့လို လူကြီးတွေလည်း စိတ်ဝင်စားတယ်။ ကလေးတွေကလည်း စိတ်ဝင်စားကြတယ်”ဟု သူက ဆိုသည်။

အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကလေးများကလည်း ၎င်းပြိုင်ပွဲသည် ၎င်းအတွက် ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် ပျော်ရွင်ရကြောင်း၊ နောက်နှစ်တွေလည်း ယခုလို အပြေးပြိုင်ပွဲ ထပ်လုပ်ပေးရန်လည်း တောင်းဆိုကြသည်။

ယခုနှစ်သည် ပထမဆုံး အကြိမ်ဖြစ်တဲ့အတွက် အခက်အခဲ ရှိသော်လည်း အားလုံးပူးပေါင်းပါဝင်ပေးမှုကြောင့် အောင်မြင်စွာပြီးဆုံးခဲ့ကာ ယင်းကဲ့သို့သော အပြေးပြိုင်ပွဲကို လာမည့်နှစ်တွင်လည်း ထပ်မံ ပြုလုပ်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း Benjawan Maliwanက ပြောသည်။

“အခက်အခဲစိန်ခေါ်မှုကတော့ လူ ၅၀၀ က ကျမတို့ပြောတာကို နားထောင်အောင် ဘယ်လိုလုပ်မလဲ။ ကျမတို့ ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားထောင်အောင်လုပ်နိုင်ဖို့က ကျမတို့ စိန်ခေါ်မှု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျမထင်တာက ကျမတို့ လူမှုအသိုင်းအဝိုင်းနဲ့ အလုပ်လုပ်တော့ ကျမတို့ သင်ယူရတာတွေရှိတယ်။ ကျမတို့ စခန်းက လူမှုအဖွဲ့အစည်း CBOs၊ ဌာနဆိုင်ရာတွေ NGOs တွေနဲ့ တစ်စုတစ်စည်းတည်း ပူးပေါင်း လုပ်ဆောင်သွားတော့ အရမ်းအဆင်ပြေသွားတယ်”ဟု Benjawan Maliwan က ပြောသည်။

၎င်းအပြည်ပြည်ဆိုင်ရာကလေးများနေ့ကို COERR နှင့် UNHCR တို့ဦးဆောင်ပြီး စခန်းအတွင်းရှိ ကလေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့နှင့် လူငယ်များက ပူးပေါင်းပါဝင်ခဲ့ကြသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...