ဝှယ်ဒူလျားစစ်ရှောင်စခန်း စားနပ်ရိက္ခာနဲ့ အမိုးအကာ အရေးပေါ် လိုနေ

ဝှယ်ဒူလျားစစ်ရှောင်စခန်း စားနပ်ရိက္ခာနဲ့ အမိုးအကာ အရေးပေါ် လိုနေ
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာကြောင့် စစ်ဘေးရှောင်တွေဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာ နဲ့ အမိုးအကာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“ အဓိက လိုအပ်နေတာကတော့ စားဝတ်နေရေး ၊ အမိုးအကာလိုအပ်တယ်။ မိုးလည်းရွာနေတယ်။ ကျနော်တို့အတွက် အဲ့ဒါ အရေးကြီးဆုံးပဲ။ တခုက မဖြစ်မနေကလည်း ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုတယ်။ အင်မတန်မှ လိုအပ်နေတယ်။” လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး ကား ၊ ဆိုင်ကယ် ၊ ထော်လဂျီ ၊ ရိက္ခာ ၊ အသုံးအဆောင်ပစ္စည်းတွေကို အချိန်မီမယူဆောင်နိုင်ခဲ့တာကြောင့် အစားသောက် နဲ့အမိုးအကာ အရေးပေါ် လိုအပ်နေကြတာပါ။ အဲဲ့ဒီ စစ်ကြောင်းက စစ်ရှောင်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တဲအိမ်တွေ ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ ခိုလှုံဖို့နေရာ အတည်တကျမရှိသေးဘဲ နီးစပ်ရာ ဆွေမျိုး ၊ မိတ်ဆွေတွေထံ ယာယီ နေထိုင်ကြသူရှိသလို တချို့ကတော့ မိုးကာတဲထိုးပြီး စုပေါင်းနေထိုင်ကြတယ်လို့ ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိတယ်၊ မိုးကာ လိုအပ်တာပေါ့၊ အခုက တအိမ်ထဲကို မိသားစု နှစ်စုသုံးစု ပေါင်းပြီး ခဏနေကြတာပေါ့" လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာနေရာအထိ နေ့တပိုင်းလမ်းလျှောက်ခဲ့ရသလို ဒဏ်ရာရရှိထားတဲ့ သက်ကြီးပိုင်းတွေရှိပြီး ကျန်းမာရေးပိုင်းစောင့်ရှောက်မှု လိုအပ်နေတယ်လို့လည်း ပြောပါတယ်။  

“ ဘယ်လိုပြေးရမှန်းမသိတော့ဘူး အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာပေါ့ တောထဲမှာ ဝေးရာကို ရှောင်ရတာပေါ့။” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

ဝှယ်ဒူလျား စစ်ရှောင်စခန်းမှာတော့ ထားလဲ၊ ပရယ်တော် ကျေးရွာခံတွေအများစု အပါအဝင် ဒီးမော့ဆို၊ ဖရူဆို ဒေသခံတချို့လည်း ရှိပြီး အိမ်ခြေ ၁၄၀ ကျော် ၊ လူဦးရေ ၇၀၀ ဝန်းကျင်အထိ ရှိပါတယ်။

ဖရူဆို -နန်းဖဲ လမ်းမကြီးဘေးတလျှောက်ကို စစ်ကော်မရှင်တပ် စစ်ရေးလှုပ်ရှားနေသလို လူထုရှိရာဖက်ကိုလည်း ဒရုန်းနဲ့ပစ်ခတ်တာ ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တခြား စစ်ရှောင်စခန်းတွေ ၊ ကျေးရွာတချို့ကလည်း လုံခြုံရေးအရ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့လူဦးရေ ( ၁၀၀၀ ) ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောဆိုထားပါတယ်။

မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...
June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...
June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...