ဘိန်းစိုက်ကျေးရွာ (၇)ရွာအတွက် ဘိန်းအစားထိုး တစ်သီးစားသီနှံ ထောက်ပ့ံ

ဘိန်းစိုက်ကျေးရွာ (၇)ရွာအတွက် ဘိန်းအစားထိုး တစ်သီးစားသီနှံ ထောက်ပ့ံ
by -
မူအက်စတာ

ကယားပြည်နယ် ဘိန်းစိုက်ပျိုးရာမြို့နယ်ရှိ ကျေးရွာများသို့ ဘိန်းအစားထိုးစိုက်ပျိုးနိုင်ရန်အတွက် အစိုးရမှနေကြာမျိုးစေ့ကို ထောက်ပံ့ပေးခဲ့ပါသည်။

“ဘိန်းအစားထိုးသီးနှံလုပ်တဲ့အခါမှာ သူတို့ရွာမှာ ဒီလိုအစားထိုးသီးနှံတွေ စိုက်ပျိုးလာနိုင်ခြင်းအားဖြင့် ဒီလိုသီးနှံတွေ စိုက်ပျိုးလို့ရတယ်ဆိုတဲ့ အလေ့အထကောင်းရယ် သူတို့မိသားစု ဝင်ငွေလေးတွေ တိုးလာနိုင်ဖို့ရယ် ဘိန်းသီးနှံလျှော့ချပြီး ပပျောက်သွားဖို့ ရည်ရွယ်ပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဌာနမှ ဦးစီးမှူးဒေါ်ဌေးဌေးစိန်က ပြောသည်။

ဒီးမော့ဆိုမြို့နယ်တွင် ဘိန်းစိုက်ပျိုးသည့်ဒေသများမှ ကျေးရွာအုပ်စု ၃အုပ်စုဖြစ်တဲ့ ဒေါရောက်ခူ၊ လိုဘာခို၊ ဝါဘန်းပလိုအတွင်းမှာရှိတဲ့ ကျေးရွာ ရရွာအတွက် ဘိန်းအစားထိုးစိုက်ပျိုးရန် ရေဆင်းနေကြာမျိုးစေ့နှင့် ကွန်ပေါင်းဓာတ်မြေသြဇာကို အောက်တိုဘာလကုန်တွင် အစိုးရမှ ပေးအပ်ခဲ့သည်။

အစိုးရမှ ပေးအပ်သည့်မျိုးစေ့သည် ၎င်းတို့ဘိန်းစိုက်ပျိုးသည့် ဒေသနှင့်ကိုက်ညီမှုရှိိပြီး စိုက်ပျိုးရေးဌာနမှလည်း စံပြကွက်များ သွားရောက်စိုက်ပျိုးရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယခုပေးအပ်သည့် မျိုးစေ့များသည် တောင်သူများဘိန်းစိုက်ပျိုးရာစိုက်ခင်းအတွင်းသို့ သွားရောက်အစားထိုးစိုက်ပျိုးစေခြင်းမဟုတ်ပဲ ၎င်းတို့ကျေးရွာအနီးပတ်ဝန်းကျင်ရှိ တောင်ယာများတွင် စိုက်ပျိုးရန်သာဖြစ်သည်။

“ဒီနှစ်ဆိုရင်လည်း တော်တော်လေးလျော့နည်းလာပြီ အဓိက ကတော့ စျေးကွက်ပေါ့နော။ စျေးကွက်မရှိတဲ့အတွက် လျော့နည်းနေပြီ၊ အဲ့ဒီစျေးကွက်ရဲ့ ဝယ်လိုအားသာ လျှော့ချလာနိုင်ရင် သီးနှံစိုက်တာတွေလည်း လျော့နည်းသွားမှာပဲ” ဟု ဒေါ်ဌေးဌေးစိန်က ဆက်ပြောသည်။

လက်ရှိ တောင်သူတို့မှ စိုက်ပျိုးထားသည့် သီးနှံများတို့ကိုလည်း စိုက်ပျိုးရေးဌာနမှ စျေးကွက်နှင့် ချိတ်ဆက်ပေးကြောင်း သိရပါသည်။

ရေဆင်းနေကြာမျိုးစေ့ကို တောင်သူ ၆၅ဦးအတွက် ၈၄ဧကစာ ထောက်ပံ့ပေးခဲ့ပြီး စီမံကိန်းမှာ ၆နှစ်ဖြစ်ပြီး လက်ရှိတွင် ၃နှစ်ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

ထောက်ပံ့ခဲ့သည့် ရ ရွာတို့မှာ ဒေါရောက်ခူ တောင်/မြောက်၊ လိုလာခို၊ ဟန်လီ၊ နီဒူးခူ၊ ဆောင်ဒူ၊ လွီးကထိတို့ဖြစ်ကြောင်း သိရသည်။

ရေတိုစီမံကိန်းဖြစ်သည့်အတွက် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် စီမံကိန်းများကို အစိုးရမှ ရေရှည် စီမံကိန်း ချပေးစေချင်သည်ဟု ၎င်းတို့ ဘိန်းစိုက်ပျိုးသည့်ဒေသမှ အုပ်စုဥက္ကဌ တစ်ဦးက အကြံပြုပြောဆိုထားပါသည်။

“ နေကြာကတော့ ဒီတစ်နှစ်အတွက်တော့ စားဖို့ရမှာပေါ့ ၊ တကယ်ဝင်ငွေအဆင့်ထိတော့ မဖြစ်နိုင်သေးဘူးလေး ၊ ထောက်ပံ့ပေးတော့လည်းယူမှာပဲ။” ဟု ပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် လိုဘာကျေးရွာ၌ ၎င်းဒေသရှိ ဘိန်းစိုက်တောင်သူများနှင့် ကန္တာရဝတီတိုင်း(မ်)မှ အသက်မွေးဝမ်းကျောင်းဆိုင်ရာ စကားဝိုင်းပြုလုပ်ပခဲ့ပါသည်။

ထိုစကားဝိုင်းတွင် ဘိန်းအစားထိုး သီးနှံ ရေရှည်လုပ်ငန်း အတွက် ဖော်ဆောင်ပေးရန် လိုအပ်သည်ဆိုသည်ကို အစိုးရကိုတောင်းဆိုဆွေးနွေးခဲ့ကြပါသည်။

၎င်းတို့ ဒေသနှင့် ကိုက်ညီမည့် သီးနှံလိုအပ်ချက်များသည် နှစ်ရှည်ပင်အနေဖြင့် သစ်တော၊ လီမ္မော်၊ ထောပတ်၊ မျောက်ငို၊ ကော်ဖီ၊ ရွှေနီငှက်ပျောများ၊ ရာသီသီးနှံအဖြစ် ဂေါ်ဖီပန်းမုန်လာ၊ မုန်လာဥနီ၊ ခရမ်းချဉ်နှင့် မုန့်ညင်းအစရှိသည့် စိုက်ပျိုးနိုင်ရေး အတွက် မျိုးနှင့်နည်းနစ်များ အကူအညီပေးရန် တောင်းဆိုတွေးနွေးခဲ့ကြပါသည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...