သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနစီမံခန့်ခွဲမှု အောက်တွင် ကျရောက်ပါ၀င်မြေအား ဆေးတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် အမည်ဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ ပုဒ်မ(၈)အရ သဘာဝနယ်မြေအဖြစ် ဖွဲ့စည်းတည်ထောင်ရန်ရည်ရွယ်ကြောင်း ရေးမြို့နယ်သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးဝင်းက ပြောကြားသည်။
'' ဇွန်လဆန်းမှစတင်ပြီးတော့ ကြေးတိုင်ပုံစံ (၁) ဖြန့်ဝေနေပြီ အဲဒါ ၃ လ ကြာမယ်၊ ပုံစံ (၂) (၃) (၄) (၅) ဆက်လာမယ်ပေါ့၊ သစ်တောဧရိယာအဖြစ်သတ်မှတ်ပြီးဖြစ်လို့ ဒီနေရာကို သဘာဝနယ် မြေအဖြစ်သတ်မှတ်ဖို့ ကြေငြာလိုက်ပြီ၊ ဇွန်လ ၁ ရက်နေ့ကစပြီးတော့ အဲဒီမှာရှိတဲ့ကျေးရွာတွေအား လုံးကိုပါ။ KNU နဲ့ ပေါငး်စပ်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားဖို့လဲရှိပါတယ်၊ အကျိုးရလဒ်အနေနဲ့ အဲဒီမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် ဂေဟစနစ်တွေကောင်းလာမယ်၊ ဒေသမှာရှိတဲ့ ပြည်သူ တွေအတွက် အဆင်ပြေမယ်၊ လက်ရှိအကျိုးကိုလဲ ဆုတ်ယုတ်မှုမရှိစေဘူး၊ တောကိုလည်း အနားပေး ထားတဲ့အတွက် ရာသီဥတုကောင်းတယ်၊ သဘာဝဝန်းကျင်ထိန်းသိမ်းရာလဲရောက်မယ်၊ ရေကြီးမြေပြို မှုတွေလည်း နည်းသွားမယ် '' ဟု ၄င်းက ဆိုသည်။
အဆိုပါ ဆေးတောင်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဧရိယာအတွင်း မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ရေးချောင်းကြိုးဝိုင်းအတွင်းရှိ ၄၇၃၅၃ ဧကအပါအဝင် ဆက်စပ်နေသည့် ကရင်ပြည်နယ်အပိုင်းအပါ အဝင် ဧကပေါင်း ၁၁၀၅၈၀ ရှိမည်ဖြစ်ကြောင်းနှင့် ဒေသခံများစိုက်ပျိုးထား သည်များရှိပါက သစ်တော ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေါင်းစပ်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရသည်။
'' ဒေသခံတွေစိုက်ပျိုးထားတာရှိခဲ့မယ်ဆိုရင် သစ်တောဦးစီးဌာနရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ယခင်ဘယ်လောက်ကစိုက်ထားလဲ ၊ လက်ရှိဒေသခံတွေနဲ့ပေါင်းစပ်ပြီး အဆင်ပြေအောင် စီစဉ်ပေးရ မှာပေါ့ " ဟု ဦးစီးအရာရှိ ဦးစိုးဝင်းက ပြောကြားသည်။
လက်ရှိဆောင်ရွက်မည့်အစီအစဉ်အနေဖြင့် မွန်ပြည်နယ်အပိုင်းတွင် မော်လမြိုင်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်ပြီး သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး၊ လယ်/စည်၊ မော်လမြိုင်ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် ထိန်းသိမ်းရေးဌာန အဖွဲ့ဝင်အဖြစ်လည်းကောင်းရေးမြို့နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိ ကအတွင်း ရေးမှူးအဖြစ်လည်းကောင်း ပါ၀င်သည့် ပဏာမစိစစ်ရေးကော်မတီဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း လည်း သိရသည်။
'' ရေးမြို့နယ်မှာ လွန်ခဲ့တဲ့နှစ်တွေကလုပ်သွားတဲ့ သုတေသနစာတမး်မှာလဲ ဒီဆေးတောင်နဲ့ ပတ်သက်ပြီး ဖတ်ထားခဲ့ပြီးပြီ၊ ထိန်သိမ်းသင့်တယ့်နေရာတစ်ခုလည်းဖြစ်တယ်၊ နောက်ပိုုင်းဆိုရင် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့လာနိုင်မယ့်နေရာ တစ်ခုလည်းဖြစ်လာနိုင်မယ် '' ဟု ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်နေ ဦးအောင်ခိုင်က မှတ်ချက်ပြုသည်။
အဆိုပါနယ်မြေအတွင်း တောဝက်၊ ဂျီ၊ ကျားသစ်၊ ဆတ်၊ ကျား စသည့် တိရစ္ဆာန်များ၊ ကညင်၊ သင်္ကန်း၊ ကတွတ်၊ ကတွတ်နီ၊ ပျဉ်းကတိုး စသည့်သစ်ပင်များ၊ ပရဆေးပင်များအဖြစ် ကရဝေးအပါ အဝင် ရစ်ဇနီစသည့် ဂမုန်းများနှင့် ဆေးဖက်ဝင်အပင်များ၊ ငှက်မျိုးစုံများ ရှိသည်ဟု ရေးမြို့နယ် သစ်တောဦးစီးဌာနက သိရသည်။







