သမိုင်းဖြစ်စဉ်မှာ ပထမကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားချိန်တွင် ဗြိတိသျှကိုလိုနီအစိုးရမှ ပြင်သစ်နိုင်ငံ စစ်မြေပြင်တွင် အလုပ်ကြမ်းလုပ်ရန်အတွက် အလုပ်သမားအမြောက်အမြားစည်းရုံးခဲ့ကြသည်။ ဖလမ်းမြို့နယ် အနောက်မြောက်ဘက်ရှိ စီမ်မျိုးနွယ်စုတို့ နေထိုင်ရောဒေသ ဘက်မှာလည်း ကူလီလုပ်သားများ စုဆောင်းရန် တိုက်သူကြီးများထံ အမိန့်ထုတ်ခဲ့ကြသည်။ ချင်းတောင်ပြင်ဘက်သို့ ထွက်ခွာပြီး စစ်မှုထမ်းမည့်အရေးအတွက် ကြောက်ရွံ့ခဲ့ကြသည်။ ထို့ကြောင်း ဗြိတိသျှအစိုးရ၏ အမိန့်ကို ဆန့်ကျင်ပြီး တော်လှန်ရေး စတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ဗြိတိသျှအစိုးရ တော်လှန်ရေးအတွက် စစ်သည်တော်များစု ရုံးကြပြီး စစ်သည်တော် ၄၀၀ စည်းရုံးနိုင်ခဲ့ကြပြီး ခွာန်းလီ ရွာမှ ဖလမ်းမြို့ရှိ ဗြိတိသျှအစိုးရအား တော်လှန်ရန် ၁၉၁၇ ခုနှစ် အောက်တိုဘာလတွင် စစ်ချီခဲ့ကြသည်။ သို့သော် ဖလမ်းမြို့ရှိ ချင်းတောင်တပ်ရင်း (Chin Hills Battalion) မှ ပုန်ကန်တော့မည်ဖြစ်ကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် ချင်းစစ်သားတွေချီတက်မည့် လမ်းကြောင်းတွင်နေရာယူကြသည်။
ချင်းတော်လှန်ရေးသမားများသည် ယခုကျင်မွာလ်ဘက်မှ ဖလမ်းသို့ဝင်ရောက်မည်အပြုတွင် အသင့်နေရာယူထားသော ချင်းတောင်တပ်ရင်းနှင့် ထိပ်တိုက်ရင်ဆိုင်ကြရာ လက်နက်ချအရှံုးပေးခဲ့ရသည်။ ဖလမ်းမြို့နယ်တစ်ဝှမ်းတွင်လည်း ပုန်ကန်ထကြွမှုများ ပေါ်ပေါက်မည့်သတင်းများ ဗြိတိသျှအစိုးရမှ ရရှိခဲ့ကြပြီး စိုးရိမ်ကြသည်။ ထို့ကြောင့် ဖလမ်းမြို့နယ် တိုက်သူကြီးများထံတွင် ပုန်ကန်ထကြွမှုမရှိစေရန် သတိပေးပြောကြားပြီးမှသာ ပြန်လည်ငြိမ်သက်နိုင်ခဲ့သည်။ ဟားခါးနယ်တွင်လည်း ဗြိတိသျှအစိုးရ၏ အလုပ်သမားများ စုဆောင်းစေသည့် အမိန့်ကို ဆန့်ကျင်ပြီး ၁၉၁၇ နိုဝင်ဘာလ တွင် တော်လှန်ရေးကြီး စတင်ခဲ့ကြပြီး ၁၉၁၈ ဧပြီလမှသာ ဗြိတိသျှတပ်မတော်မှ တော်လှန်ရေးကို အဆုံးသတ်နိုင်ခဲ့ကြသည်။ ကူကီးနယ်တွင်လည်း ဗြိတိသျှတော်လှန်ရေးကို ၁၉၁၇ ဒီဇင်ဘာလ မှ ၁၉၁၉ အထိ ဆင်နွှဲခဲ့ကြသည်။
စီမ် မျိုးနွယ်စုမှ တော်လှန်ရေး ခေါင်းဆောင်များအားလုံး ဖမ်းဆီးခြင်းခံခဲ့ရသည်။
တော်လှန်ရေးခေါင်ဆောင်များဖြစ်သော Pu Sang Cung Nung, Pu Lian Kam Lo, Pu Thla Kulh, Pu Lian Khup နှင့် Pu Thang Hre တို့သည် ငါးနှစ်စီ ထောင်ချခြင်းခံခဲ့ရကြသည်။ Pu Thang Hre သည်သူထောင်ကျနေစဉ် ထောင်ထဲမှာတင် အသက်ပေးဆပ်ခဲ့ရသည်။ စီမ် နယ်မှ ရွသားတွေသည်လည်း ဗြိတိသျှအစိုးရ၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရပြီး ယခုဖလမ်းကျင်မွာလ်ရပ်ကွပ်ရှိ ရှုခင်းသာလမ်းကို လုပ်အားပေးဖောက်လုပ်စေခဲ့သည်။
ကျောက်တိုင်စိုက်ရန်စီစဉ်ဆောင်ရွက်သူ Pi Levi Sap Nei Thang က “ကျွန်မတို့ဘိုးဘွားတွေဘယ်လောက်ရဲစွမ်းသတ္တိရှိတာလဲဆိုတာ ပြန်သတိရစေတဲ့ကိစ္စဖြစ်တာကြောင့် ဒီခေတ်လူငယ်တွေလည်း သိကိုသိရမယ့်သမိုင်းဖြစ်တယ်။ Sim မျုုိးနွယ်စုမှ ချင်းစစ်သည်တော်တွေ ၁၉၁၇ ခုနှစ်တွင် ပထမဆုံးအင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့ကြတယ်။ နောက်တစ်လအကြာမှာ ဟားခါးမှာလည်း တော်လှန်ရေးကြီးစတင်ခဲ့တယ်။ ကျွန်မတို့ချင်းသမိုင်းမှာ အရေးပါတဲ့ သမိုင်းဖြစ်တယ် ”ဟုပြောသည်။
ချင်းသမိုင်းသုတေသီ ဆလိုင်းဗန်ကျူံးလျန်(UK) က “ကျွန်နု်ပ်တို့ ဘိုးဘွားများ၏ ဇွဲလုံ့လဝီရိယ နှင့် ရဲရင့်ပြတ်သားမှု နှင့် တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့တဲ့ သမိုင်းကောင်းတွေထိန်းသိမ်းနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ခုလိုမျိုးသမိုင်းကို ထန်းသိမ်းနိုင်ခြင်းအားဖြင့် နောင်အနာဂတ်တွင်မွေးဖွားလာကြမည့် ချင်းတိုင်းရင်းသားလူငယ်များအား အတိတ်ကာလများဆီက တို့ဘိုးဘွားတွေရဲ့ မွန်မြတ်တဲ့သမိုင်းကြောင်းကို လက်ဆင့်ကမ်းပြောပြနေနိုင်မည်ဟုလည်း လေးလေးနက်နက်ယုံကြည်မိပါသည်” ဟုပြောသည်။
ကျောက်တိုင်စိုက်ရန်နေရာမှာ ဖလမ်းမြို့ နှင့် ခွားန်လီရွာတို့တွင် စိုက်ထူရန်ရည်ရွယ်ထားသည်။







