မိုင်းရှင်းလင်းရေးလုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်

မိုင်းရှင်းလင်းရေးလုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်
by -
စိုးသူအောင်
မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန် ကရင်ပြည်နယ်ကို လျာထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ ဆွေးနွေးနေဆဲဖြစ်သည့်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လတ်တလောတွင်လုပ်ဆောင်နိုင်ဦးမည် မဟုတ်ကြောင်း (JMC-U) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင် က ပြောဆိုလိုက်သည်။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင်ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၁၂ ကြိမ် မြောက်အစည်းအဝေးအပြီး မီဒီယာများကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ ကျွန်တော်တို့ တပ်မတော်ဘက်ကတော့ ရှေ့ပြေးစီမံကိန်းအနေနဲ့ပေါ့နော် ။ ကရင်ပြည်နယ်မှာတော့ စတင်လုပ်ဖို့ ဆွေးနွေးထားတာရှိပါတယ်။ တစ်ဖက်ကလည်း သူတို့အဖွဲ့အစည်းမှာ ဒါနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးနေတာ ဖြစ်သေးတဲ့အတွက် ဘယ်နေ့မှာတော့ အကောင်အထည်ဖော် စတင် ဆောင်ရွက်နိုင်မှာကိုတော့ ပြောလို့မရသေးဘူးဖြစ်ပါတယ် “ ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင်ကပြောသည်။ ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်ကို ၂၀၁၇ ဧပြီလ ၌ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်ထိ ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့နှင့် အစိုးရတို့ ၂၀၁၅ခုနှစ် သြဂုတ်လ ၁၅ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) အခန်း(၃) ပုဒ်မခွဲ(င)တွင် နှစ်ဖက်တပ်များ ခင်းကျင်းထားသည့် မိုင်းများကို ရှင်းလင်းရန်နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များကို အစိုးရနှင့်ညှိနှိုင်းပြီး လုပ်ဆောင်သွားရန်ဟု ထည့်သွင်းဖော်ပြထားသည်။ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) တစ်နှစ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆.၅ သန်းကို ပြီးခဲ့သည့် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ ရရှိထားပြီး အဆိုပါရန်ပုံငွေထဲမှ မိုင်းရှင်းလင်းအတွက် သီးသန့်ခေါင်းစဉ်ဖြင့် ထုတ်ယူသုံးစွဲမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ၀ဏ္ဏအောင် ပြောဆိုထားသည်။ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံးသူ ၄၁၉ဦး၊ ထိခိုက်ဒဏ်ရာရရှိိသူ ၃၁၅၆ဦး ရှိနေကြောင်း ၁၉၉၉ ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်းကောက် ယူရရှိထားသော စစ်တမ်းများအရ သိရသည်။
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...