ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာ ထက်ဝက်ကျော်သည် ထွက်ပြေးရာတွင် မပါ၀င်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာ ထက်ဝက်ကျော်သည် ထွက်ပြေးရာတွင် မပါ၀င်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို
by -
ဇေယျာမော်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် အစုလိုက်အပြံုလိုက် ထွက်ပြေးတိမ်းရှောင်သွားသည့်အထဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်ရွာထက်ဝက်ကျော် မပါ၀င်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။ ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ပြုလုပ်သည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောဆိုသော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ "ရခိုင်ပြည်နယ်က မွတ်ဆလင် အများစုဟာ အစုလိုက် အပြံုလိုက် ထွက်ပြေးကြတဲ့အထဲမှာ မပါ၀င်ကြပါဘူး။ ရခိုင်ပြည်နယ်က မွတ်ဆလင်ရွာ ၅၀% ကျော်ဟာ (သြဂုတ် ၂၅ အကြမ်းဖက်တိုက်ခိုက်မှုတွေ) မတိုင်ခင်က အခြေအနေအတိုင်း အခုထက်ထိ ရှိနေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ အဆိုပါရွာများအနေဖြင့် ရခိုင်လူမှုအသိုက်အဝန်းနှင့် သဟဇာတဖြစ်အောင်နေထိုင်မှုအား လေ့လာရန် သံတမန် အသိုင်းအဝိုင်းသို့ တိုက်တွန်းခဲ့သည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသော ဒုက္ခသည်အရေအတွက် လေးသိန်းကျော် ရောက်ရှိနေသည်ဟု UN မှ ထုတ်ပြန်ထားပြီး မြန်မာအစိုးရဘက်မှ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အဆိုပါ ဒုက္ခသည်များအား မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူထားသော ၁၉၉၃ ခုနှစ် သဘောတူညီချက်အရ စီစစ်လက်ခံသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။ “ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတယ်ဆိုတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒီဒုက္ခသည်တွေကို ၁၉၉၃ ခုနှစ်ကတည်းက နှစ်နိုင်ငံ သဘောတူညီထားတဲ့ ဒုက္ခသည် စိစစ်ရေး လုပ်ငန်းစဉ်တွေအတိုင်း စိစစ်ဖို့ သဘောတယ်မယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ အချိန်မရွေး စိစစ်ဖို့ အသင့်ပါ။ ဒီ သဘောတူညီချက်တွေအတိုင်း စိစစ်ပြီးလို့ မြန်မာနိုင်ငံက ထွက်ပြေးတဲ့ ဒုက္ခသည် မှန်ရင် သူတို့ရဲ့ လုံခြံုရေး အပြည်အဝ ရှိဖို့ လူသားခြင်း စာနာမှုအထောက်အပံ့တွေ ပေးဖို့၊ ဘာပြဿနာမှ မဖြစ်စေဖို့ တာဝန်ယူပြီး ပြန်လက်ခံပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ထို့ပြင် မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ကော်မရှင်၏အကြံပေးချက်များကို အမြန်ဆုံး အကောင်အထည် ဖော်သွားရန် အစိုးရက ဆုံးဖြတ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း ယင်းအကြံပြုချက်ထဲတွင် ပါ၀င်သည့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ပါ၀င်ရန် အချို့အသိုက်အဝန်း (Community) များက စိတ်မပါဘဲ ဖြစ်နေကြောင်းလည်း ပြောခဲ့သည်။ "စစ်ပွဲအစား ငြိမ်းချမ်းရေးကိုပဲ ကျွန်မတို့ အလိုရှိပါတယ်။ ပဋိပက္ခတွေအစား သဟဇာတဖြစ်မှှု (harmony) ကိုပဲ ကျွန်မတို့ အလိုရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က သူ့၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...