မင်းပြားမြို့နယ်တွင် နေအိမ်သို့ အပစ်ခံရသော လက်လုပ်ဗုံး ၂ လုံးမှာ ဗျောက်အိုးသာဖြစ်

မင်းပြားမြို့နယ်တွင် နေအိမ်သို့ အပစ်ခံရသော လက်လုပ်ဗုံး ၂ လုံးမှာ ဗျောက်အိုးသာဖြစ်
by -
မဇ္ဈိမ
ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၂ နာရီခန့်က မင်းပြားမြို့နယ်၊ သံရှင်အုပ်စု၊ စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်၌ တည်ရှိသော သင်္ကန်စာကျေးရွာရှိ ဦးညွန့်သာမောင်အိမ်သို့ အပစ်ခံရသော လက်လုပ် ဗုံးဟုယူဆရသည့် ဗုံး ၂ လုံးမှာ ဗျောက်အိုးသာဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှ အတည်ပြုချက်အရ သိရသည်။

“အဲဒါဗုံးမဟုတ်ပါဘူး။ ဗျောက်အိုးပါ။ သင်္ကန်စာက အိမ်တစ်အိမ်မှာပေါ့ အိမ်ခေါင်မိုးပေါ်မှာ တင်ပစ်ခဲ့တာ။ အဲဒီတော့ အိမ်ရှင်က ‘ဗုံးဗုံး’ ဆိုပြီးအော်လိုက်တော့ နည်းနည်း အလန့်တကြား ဖြစ်သွားတာပါ။ အမှန်တကယ်ကျတော့ ကျွန်တော်တို့ဒေသမှာ ဓလေ့တစ်ခုဖြစ်တဲ့ ဗျောက်အိုးဖောက်ကြတာပါ။ ကျွန်တော်တို့က အတည်ပြုပြီးပါပြီ။”ဟု မင်းပြားမြို့မရဲ စခန်းမှ ရဲအုပ်ညီညီက RiA သို့ အတည်ပြုပြောသည်။

အခင်းဖြစ်ပွားသည့်အိမ်မှ နယ်မြေရဲစခန်းအား လာရောက်တိုင်ကြားလာခြင်းဖြစ်ပြီး တရားခံ မည်သူမည်ဝါ ဆိုသည်ကို မသိရသေးကြောင်းနှင့် နယ်မြေရဲစခန်းမှ တရားခံအား ဆက်လက်ရှာဖွေကာ စစ်ဆေးလျှက် ရှိကြောင်း ပြောသည်။

“လူတွေက  စကားနည်းနည်းဆိုရင် ချဲ့လိုက်ကြတယ်။ တချို့က အဲဒီလက်သန်းလောက်ရှိတဲ့ဟာကို ဓာတ်ပုံအကြီး ကြီးရိုက်ပြီး တင်ထားကြတယ်။ သူတို့လာတိုင်တာကတော့ လူတစ်ယောက်က တင်ထားခဲ့တယ်လို့ပဲ ပြောတယ်။ ပေါက်မကွဲပါဘူး။ အဲဒါကို တင်ထားခဲ့ရုံပါ။ ပေါက်ကွဲရအောင်လည်း ဒါက ဗျောက်အိုးပါပဲ။ မီးလည်း မလောင်ဘူး။”ဟု ၎င်းက ဆက်ပြောသည်။

တိုင်ကြားလာသည့်အတွက် လက်လုပ်ဗုံးဟုဆိုသော ဗျောက်အိုးတို့အား စျေးမှ ဗျောက်အိုးများနှင့် နှိုင်းယှဉ် စမ်းသပ်ရာ ဗျောက်အိုးသာဖြစ်ကြောင်းနှင့် မီဒီယာများသို့လည်း အတည်ပြုရှင်းလင်း ထားပြီးဖြစ်ကြောင်း ပြောသည်။ ယင်းဖြစ်ပွားမှုနှင့် ပတ်သတ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။

လက်လုပ်ဗုံးများနှင့် တိုက်ခိုက်ခံသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်းနှင့် ဒေသခံများအား ကြောက်ရွံ့စရာမလိုကြောင်း၊ ယင်း ကျေးရွာအနီးတွင် ယခင်ကတည်းက လုံခြံုရေးများချပေးလျှက်ရှိကြောင်း သိရသည်။

သို့ရာတွင် ရခိုင်မြောက်ပိုင်းအကြမ်းဖက်ခံရမှုဖြစ်စဉ်များကြောင့် ရခိုင်တိုင်းရင်းသားများ ထိတ်လန့်မှုများ ဖြစ်ပေါ်နေ သည့်အချိန်တွင် ထိုကဲ့သို့ ဖြစ်သွားသောကြောင့် ဖြစ်ပွားသည့် ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာသားတို့မှာ ကြောက် ရွံမှုများ ဖြစ်ပေါ်လျှက်ရှိပြီး သက်ဆိုင်ရာမှလည်း သဲလွန်စကို ဆက်လက် ရှာဖွေလျှက်ရှိကြောင်းသိရသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...