မင်းအောင်လှိုင်ခရီးစဉ်အတွင်း နယ်စပ်အရေးနှင့် မြေရှားသတ္တုဆွေးနွေးမည်

မင်းအောင်လှိုင်ခရီးစဉ်အတွင်း နယ်စပ်အရေးနှင့် မြေရှားသတ္တုဆွေးနွေးမည်

ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင် မြေရှားသတ္တုကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးသွားနိုင်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရပြီး၊ နယူးဒေလီရောက် မြန်မာများက ၎င်း၏ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြရန်လည်း စီစဉ်နေကြသည်။

အတုအယောင်ရွေးကောက်ပွဲမှတဆင့် သမ္မတအဖြစ် ခံယူထားသူ မင်းအောင်လှိုင်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် မေလ ၃၁ ရက်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ရာ၊ ၎င်း၏ခရီးစဉ်အတွင်း နှစ်နိုင်ငံနယ်စပ် လုံခြုံရေးနှင့် ကုန်သွယ်ရေးကိစ္စ၊ မြန်မာဘက်မှ မြေရှားသတ္တုတူးဖော်ရေး ကိစ္စရပ်များကို ဆွေးနွေးသွားရန်ရှိသည်။ တပြိုင်တည်းမှာပင် မြန်မာနိုင်ငံသားများကလည်း နယူးဒေလီမြို့လယ်ရှိ ဂျန်တာမန်တား (Jantar Mantar) အရပ်၌ ဆန္ဒပြကန့်ကွက်ရန် ပြင်ဆင်နေကြသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံက အခုအချိန်အထိ မငြိမ်းချမ်းသေးဘူး။ ဘယ်နေ့ ကိုယ့်ခေါင်းပေါ် လေယာဉ်က ဗုံးကျလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ မြန်မာပြည်သူတွေ နေထိုင်နေရတုန်းပါ။ ဒါကို အိန္ဒိယအစိုးရအနေနဲ့ အတုအယောင်အစိုးရခေါင်းဆောင် လာတာကို မြန်မာပြည် ငြိမ်းချမ်းသွားပြီလို့ ထင်မှတ်ပြီး လက်ခံကြိုဆိုပြီး ဒီမှာ ခိုလှုံနေရတဲ့သူတွေကို နေရပ်ပြန်ပို့မှာ စိုးရိမ်ရတာရယ်ကြောင့် အဓိက ဆန္ဒပြကြမှာပါ” ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်သူတယောက်က မဇ္ဈိမသို့ ပြောသည်။

နေ့စဉ် ပြည်သူများကို ဗုံးကြဲသတ်ဖြတ်နေပြီး အပြစ်မဲ့ပြည်သူများ၏ သွေးစွန်းနေသည့် စစ်အာဏာရှင်သည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံသို့ ခြေမချသင့်ကြောင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားသူတယောက်အနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့သာ သွားသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆန္ဒပြပွဲ ဦးဆောင်သူများက မေလ ၂၈ ရက်တွင် ဂျန်တာမန်တား၌လည်းကောင်း၊ မေလ ၃၀ ရက်တွင် နယူးဒေလီရှိ မြန်မာသံရုံးရှေ့၌လည်းကောင်း ဆန္ဒပြခွင့်ရရန် အာဏာပိုင်များထံ တောင်းဆိုခဲ့သော်လည်း၊ အာဏာပိုင်များက မေလ ၂၉ ရက်တွင်သာ ဆန္ဒပြခွင့် ပြုထားသည်ဟု သိရသည်။

ခရီးစဉ်အတွင်း မည်သူများနှင့် တွေ့ဆုံမည်၊ မည်သည့်အကြောင်းအရာများ ဆွေးနွေးမည် အပါအဝင် ခရီးစဉ်အသေးစိတ်ကို နှစ်ဖက်လုံး၏ တာဝန်ရှိသူများက တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂါယာသို့ အဓိကခရီးစဉ်တခုအဖြစ် သွားရောက်ရန် မျှော်လင့်ရသည်။

စစ်ခေါင်းဆောင်၏ ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဝဏ်လွှာကို ဆန္ဒပြမည့် မြန်မာနိုင်ငံသားများက အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့လည်း ပေးပို့ထားပြီး ဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်၏ အိန္ဒိယခရီးစဉ်နှင့် ပတ်သက်၍ မြန်မာပြည်သူလူထုအတွက် အလွန်တရာ စိုးရိမ်ပူပန်ဖွယ်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကန့်ကွက်သဝဏ်လွှာ ပေးပို့ခဲ့သည်။

"မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ပုံမှန်ကဲ့သို့ဖြစ်စေမည့် သို့မဟုတ် တရားဝင်ဖြစ်စေမည့် တရားဝင်ထိတွေ့ဆက်ဆံမှုများ၏ ပိုမိုကျယ်ပြန့်သော နောက်ဆက်တွဲသက်ရောက်မှုများကို အိန္ဒိယအစိုးရအနေဖြင့် သေချာစွာ ချိန်ဆပေးပါရန် ကျွန်ုပ်တို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။" ဟု NUG က သဝဏ်လွှာတွင် တောင်းဆိုထားသည်။

ယခုဆန္ဒပြပွဲကို ဦးဆောင်စည်းရုံးသည့် Burma House အဖွဲ့သည် နယူးဒေလီရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ၊ လူငယ်ကျောင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တက်ကြွလှုပ်ရှားသူများ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည်အရေးနှင့် နိုင်ငံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

ကလေးမြို့ပြင်သာ သုဿန်တွင် နာရေးပြုလုပ်နေစဥ် (ပုံဟောင်း /ကာယကံမေတ္တာလူမှုကူညီရေးအ သင်း) ။
June 18, 2026
ပါခွီး — စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်အုပ်စုတပ်က အမျိုးသားတဦးကို သတ်ဖြတ်ပြီး...
June 17, 2026
စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၁၆ ရက်က ပေကျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်...
စစ်အုပ်စုတပ်၏မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျသွားသည့် မြစ်ခြေမြို့နယ်အတွင်းရှိနေအိမ် တလုံးကို တွေ့ရစဉ် (ပုံအဟောင်း)⁩
June 16, 2026
မကွေးတိုင်း ပခုက္ကူခရိုင် မြစ်ခြေမြို့တွင် စစ်အုပ်စုတပ်က ရိက္ခာပြန်ယူသည့် ဒေသခံ နှစ်ဦးနှင့်...
June 15, 2026
စစ်အုပ်စု စစ်ကြောင်းထိုးနေသည့်အတွက် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် အနီးတဝိုက်မှ...