"အစားအသောက်နဲ့ ဆေးဝါး ဘေးကင်းလုံခြံုရေးနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ကြီးချုပ်တွေကို မှာထားတာ ရှိပါတယ်။ အဲ့ဒါကတော့ ကျောင်းသား၊ ကျောင်းသူတွေအပါအဝင် ကလေးငယ်တွေရဲ့ အစားအသောက်၊ မုန့်သရေစာတွေ လုံခြံုဘေးကင်းဖို့၊ နောက် မိသားစုလိုက်သုံးနေတဲ့ ဆေးဝါးတွေ ဘေးကင်းလုံခြံုရေးအတွက် အထူးအလေးထားဖို့" ဟု ဦးဇော်ဌေးက ဇွန်လ ၁၅ရက်တွင် ပြောသည်။
အစားအသောက်နှင့်ဆေးဝါးများ ဘေးကင်းလုံခြံုရေးအတွက် တိုင်းနှင့်ပြည်နယ်အစိုးရများနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့ အနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် FDA၏ လုပ်ဆောင်ချက်များ တိုးချဲ့ဆောင်ရွက်သွားရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားခြင်းဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အရက်သေစာသောက်စားမှု ထိန်းချုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသေးသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။
"အဲ့ဒါကတော့ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ ရက်(၁၀၀)စီမံချက်ထဲမှာ လုပ်နေပါတယ်။ လုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးအဖွဲ့ရှိမယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရှိမယ်။ ရဲတပ်ဖွဲ့အောက်က မူးယစ်(ဗဟို)ရှိမယ်။ သူတို့ အထူးအလေးထားပြီးတော့ မူးယစ်ဆေးဝါးပပျောက်ရေးကို ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။







