ကေအိုင်အေ နှင့် တပ်မတော် တကျော့ပြန်တိုက်ပွဲ ငါးနှစ်ပြည့် အခမ်းအနားများကျင်းပ

ကေအိုင်အေ နှင့် တပ်မတော် တကျော့ပြန်တိုက်ပွဲ ငါးနှစ်ပြည့် အခမ်းအနားများကျင်းပ
by -
မဇ္စျိမ
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့အကြား တကျော့ပြန် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများကို ဇွန်လ ၉ ရက်က နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဇွန်လ ၉ ရက် နံနက် ရ နာရီမှစတင်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြိုနယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည် ထောင်ချီသော စစ်ပြေးဒုက္ခသည်များက ၅ နှစ်အတွင်း စစ်ဒဏ်ခံစားခဲ့ရသော ခံစားချက် စာတမ်းပါ ပိုစတာများ ကိုင်ဆောင်၍ လမ်းကြောင်း ရ ကြောင်းမှ အခမ်းအနား ကျင်းပရာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်းသို့ ချီတက်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနား နံနက်ပိုင်းတွင် ဆုတောင်းဝတ်ပြုခြင်း၊ စစ်ပြေးဒုက္ခ ခံရမှု တေးသီးချင်များ သီဆိုခြင်း၊ ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR) ဥက္ကဋ္ဌ ဒူဝါလထော်ခွန်းဆိုင်းမှ စစ်ပွဲဒဏ် ခံရသည့် အကြောင်းအရင်းများကို ရှင်းလင်းတင်ပြခြင်း၊ စစ်ပြေးဒုက္ခသည်များ၏ ရင်ဖွင့်စကားပြောကြားခြင်းနှင့် ညနေပိုင်းတွင် စစ်ပြေးဒုက္ခသည်များ၏ ကြံုတွေ့ရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခြင်း၊ တေးဂီတဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

ယနေ့ကျရောက်သော စစ်ပြေးဒဏ်ခံရမှု ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့(WMR)က ကမကထ ပြုလုပ်၍ ကချင်လူထုအခြေပြုအဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ စုပေါင်း၍ ပွဲဖြစ်မြောက်ရေးကော်မတီဖွဲ့၍ အခမ်းအနားကို ကျင်းပခဲ့သည်ဟု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်ပူက မဇ္ဈိမကို ပြောသည်။

“ဒီနှစ်က ၅ နှစ်ကျော်ဖြတ်ခဲ့ရတယ်။ ၆ နှစ်ဆိုတာလုံးဝ မလိုချင်ဘူး။ စစ်ဆိုတာကို လုံးဝ မလိုချင်ဘူး။ စစ်ကို ဖန်တီးတဲ့ မြန်မာ့တပ်မတော်ကို ကျမတို့ ပယ်ချင်ပါတယ်။ ဘယ်အစိုးရပဲတက်တက် မြန်မာ့တပ်မတော်မှာ ဖွဲ့စည်းပုံမှာလည်း အပိတ်တွေ လုပ်ပြီးတော့ သူတို့ အနိုင်ရဖို့အတွက် လုပ်ထားတယ်။ လွှတ်တော်ထဲမှာလည်း သူတို့တွေ နေရာရထားတယ် ဆိုတော့ ဘယ်လောက်ပဲ ငြိမ်းချမ်းရေးဖော်ဆောင်သည်ဖြစ်စေ မြန်မာ့တပ်မတော်က ထိုးစစ်တွေက ဆင်နေတယ်။ ဒီနှစ်ဆိုရင် မေလမှာဆိုလို့ရှိရင် ကျမတို့ ကချင်ဒေသမှာ စစ်ဖြစ်တာ အများဆုံးဖြစ်တယ်။ စစ်လေယာဉ်တွေ သုံးတယ်။ အဲဒါကြောင့်မလို့ မြန်မာ့တပ်မတော်ကို ကျမတို့ လုံးဝ ကမ္ဘာကြီးက ရှုုံ့ချတယ်။ သူတို့ လုပ်ရပ်တွေကို ရပ်သွားဖို့ ကျမတို့ ပြောချင်ပါတယ်”ဟု

စစ်ပြေးဒုက္ခသည်များက “လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံး အရေးယူပေးရန်” “ပုဒ်မ ၁၇ (၁)အား ပယ်ဖျက်ပေးရန်” “ငရဲဆက် မခံစား ချင်တော့ပါ၊ ကယ်တင်ပေးပါ အမေ” “အိမ်တော်ကိုလွမ်းလှပြီ” “အိမ်ပြန်ခွင့် ရချင်ပြီ” “စစ်ပြေး ဒုက္ခသည် များ၏ နေရပ်အတွင်း တပ်စွဲထားသော စစ်စခန်းများ ရုတ်သိမ်းပေးရန်” “စစ်ပြေးဒုက္ခသည်များ မူလနေရပ်သို့ နေထိုင်ရေး အမြန်ဆုံး အကောင် အထည် ဖော်ပေးရန်” “စစ်ပြေးရှောင်ကျောင်းများ၏ ပညာရေးကို အစိုးရမှ အထူး ဂရုစိုက်ပေးပါရန်” “စစ်ပြေး ဒုက္ခသည် များအတွက် စားဝတ်နေရေး ကျန်းမာရေးကို အထူးတာဝန်ယူပေးပါရန်” “စစ်အင်အားတိုးခြင်း နယ်မြေရှင်းလင်းရေး ရပ်တန့်ရန်” စသည့် စာတမ်းများဖြင့် တောင်းဆိုခဲ့သည်။

ထို့ပြင် ၅ နှစ်တာ တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် နှောင့်နှေးကြန့်ကြာစေပြီး ၎င်းပြစ်မှုကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးခြင်း၊ ကျူးလွန်ခြင်း ခံရသူများ၏ ဆုံးရှုံး နစ်နာမှုများအတွက် လုံလောက်သော လျော်ကြေးများ လျင်မြန်စွာ ပေးလျော်ခြင်းများ ပြုလုပ်ရန် ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့(WMR) ဇွန်လ ၉ ရက်က ကြေငြာချက်ထုတ်ပြန်လိုက်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစတင်၍ မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုကြောင်း ဒေါ်နန်ပူက ပြောသည်။

“အဓိကတော့ ထိုးစစ်တွေ ရပ်ဖို့၊ မြန်မာစစ်တပ်က ထိုးစစ်ဆင်တဲ့အတွက်ကြောင့်မို့၊ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ မြန်မာ စစ်တပ်က ရုံးတင် စစ်ဆေးခြင်းမလုပ်ဘဲနဲ့ သတ်ဖြတ်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ မဒိန်းကျင့်တာတွေ၊ တဖက်သတ် စွတ်စွဲပြီးတော့ ဖမ်းဆီး ထိန်းသိမ်းထားတာတွေ၊ စစ်တပ်နဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာ ပစ်မှတ်ထားပြီး တိုက်ခိုက်တာ။ အိုးအိမ်တွေ ဖျက်ဆီးတာတွေကို ရပ်တန့်ဖို့ အမြန်ဆုံး တရားမျှတစွာ ပြင်းထန်စွာ အရေးယူဖို့အတွက် ကျမတို့ တောင်းဆိုတာ ဖြစ်ပါတယ်”ဟု

ထို့ပြင် အစိုးရသစ်မှ ခေါ်ယူကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသည် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူများမှ အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်ကာ မူလပင်လုံစာချုပ် ကတိကဝတ်အရ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အမြန်ဆုံး တည်ဆောက်ရန် တောင်းဆိုထားသည်ဟု သူက ပြောသည်။

စစ်ဘေးဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အပြည့်အဝ မရရှိကြခြင်း၊ မြန်မာအစိုးရနှင့် စစ်တပ်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများကို စစ်ဘေးဒုက္ခသည်များထံ ကူညီပ့့ံပိုးပေးရန် သွားလာခွင့် ကန့်သတ်ပေးခြင်း၊ သတင်းအချက်အလက်များ ပိတ်ပင်တားဆီးခြင်းများ မရှိဘဲ လွတ်လပ်စွာသွားလာခွင့်ပြုရန် တောင်းဆိုထားသည်။

ပြည်သူများ လုံခြံုရေးအတွက် မြန်မာ့တပ်မတော်မှ ကချင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရပ်တန့်ရန်နှင့် ပြည်သူများ နေထိုင်ရာ ရပ်ရွာဒေသများတွင် တပ်စွဲထားသော တပ်စခန်းများကို အမြန်ဆုံး ဖျက်သိမ်း ဆုတ်ခွာပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအား လုံလောက်သော အခြေခံ လိုအပ်ချက်များကို ထောက်ပံ့ကူညီပေးရန် တိုက်တွန်းထားသည်။

အလားတူ အခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်း ကျင်းပခဲ့သည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ် လိုင်ဇာမြို့တွင်လည်း ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စစ်ပြေးဒုက္ခသည်များက ပဒန် ခန်းမတွင် စစ်ပြေး တိမ်းရှောင်လာသည့် ၅ နှစ်ပြည့် ဆုတောင်းဝတ်ပြုမှု ကျင်းပခဲ့သလို၊ စစ်ပြေးဒုက္ခသည် စခန်းတိုင်း တွင်လည်း ဆုတောင်းပွဲများ ကျင်းပခဲ့သည်ဟု KIOမှ စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်တီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဇော်ရော်က မဇ္စျိမကို ပြောသည်။

“ဒီမနက် ရနာရီမှာအေအိုင်အို ဝန်ထမ်းတွေအားလုံးက ပဒန်ဘုရားသခင်ကို ကျေးဇူးတင် ဆုတောင်းပွဲ ကျင်းပတယ်။ ဒုက္ခသည် စခန်းတိုင်းမှာလည်း ဆုတောင်းပွဲတွေ လုပ်တယ်။ ဒုက္ခအားလုံးကို ပြောထားတယ်။ ဆုတောင်းပြီး ခွန်အားယူကြဖို့ ပြောထားတယ်။ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေတော့ ရှိတယ်”ဟု သူက ပြောသည်။

ထို့ပြင် မြန်မာ့တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော ၅ နှစ်ပြည့် အထိ်မ်းအမှတ် အခမ်းအနားများကို ရန်ကုန်မြို့တွင်လည်း ကျင်းပခဲ့ပြီး ပြည်တွင်းပြည်ပ ကချင်တိုင်းရင်းသားများက ဆုတောင်းပွဲ ဝတ်ပြုမှုများ ကျင်းပခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...