"ဒီ စင်တာရဲ့ ရည်ရွယ်ချက်က ငါးဖမ်းသူတွေကို သဘာဝသယံဇာတတွေရဲ့ အလေ့အထတွေကို သိရှိနားလည်လာစေဖို့နဲ့ ထိန်းသိမ်းတတ်လာစေဖို့ သင်တန်းပေးတာတွေ၊ အသိပညာပေးမှုတွေကို ပြုလုပ်ဖို့ပါ။ လောလောဆယ်မှာတော့ ဂွဘက်က စင်တာက တည်ဆောက်ပြီးပါပြီ"
စစ်တွေနှင့် ကျောက်ဖြူတွင် တည်ဆောက်မည့် ရပ်ရွာအခြေပြု ငါးလုပ်ငန်းဆိုင်ရာ စင်တာ (Community Fisheries Center) မြေနေရာကို ရှာဖွေနေဆဲဖြစ်ကာ ယခုအချိန်ထိ အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရခိုင်ပြည်နယ်သည် မြစ်ချောင်းများပေါများသည့်အတွက် ငါးဖမ်းလုပ်ငန်းကို နည်းအမျိုးမျိုးဖြင့် လုပ်ကိုင်လျှက်ရှိရာ ဒေသတွင်းရှိ မြစ်ချောင်းငယ်များတွင် တစ်နိုင်တစ်ပိုင်ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေကြသူ အများအပြားရှိခဲ့သော်လည်း ယခုအချိန်တွင် လုပ်ကိုင်သူ သိသိသာသာ နည်းပါးလာသဖြင့် ယခုလို စင်တာတစ်ခု ဖြစ်ပေါ်လာမည်ဆိုခြင်းသည် အခွင့်အရေးဖြစ်ကြောင်း ငါးဖမ်းသမားများက ယုံကြည်နေကြသည်။
“အရင်ကလိုမျိုး ငါးရှာရတာလည်း မလွယ်ကူတော့ဘူး။ ပြီးတော့ ငါးရှာမယ့်နေရာလည်းမရှိတော့သလို ငါးတွေကလည်း နည်းလာတယ်။ ဒါကြောင့် တစ်နေ့စာအတွက် မလုံလောက်တော့ဘူး။ နိုင်ငံခြားကိုသွားတဲ့သူတွေပဲ များလာတယ်။ လယ်လုပ်ငန်းတွေကလည်း အဆင်မပြေတော့ စီးပွားရေးတွေလည်း အဆင်မပြေဘူး။ ကြံုရာကျဘန်းလုပ်ကိုင်နေကြရတာပါပဲ။ ခုတော့ ရေလုပ်သားတွေအတွက် အကူအညီပေးမယ့် စင်တာတစ်ခု ပေါ်လာမယ်လို့ ကြားသိရတဲ့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်တာပေါ့” ဟု ကျောက်ဖြူမြို့နယ်မှ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ထွန်းဦးက ပြောသည်။
ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း ငါးသယံဇာတများ ရှားပါးမှု ကြုံတွေ့နေရခြင်းမှ ကာကွယ်ရန်နှင့် ငါးမျိုးပြုန်းတီးမှုများ မဖြစ်ပေါ်စေရေး စသည့် ရည်ရွယ်ချက်တို့ဖြင့် ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့သည်။







