“တွေ့ဖို့က ဆရာတင်မျိုးဝင်း ကိုယ်တိုင်ညှိပြီးတော့ စာတွေပို့ထားပြီးပြီ။ သူတို့လည်း လက်ခံရရှိတယ်။ ကြိုဆိုတယ်။ သူတို့လည်း စောင့်နေပါတယ်ဆိုတာမျိုး ရှိနေပြီ။ ရက်ပိုင်းအတွင်းတော့ တွေ့ဖြစ်မှာပေါ့”ဟု ညီလာခံ ပြင်ဆင်ရေးကော်မတီမှ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောသည်။
၎င်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် ဝ နှင့် မိုင်းလား တပ်များထံ ဆက်သွယ်၍ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သော်လည်း ရာသီဥတု အခြေအနေကြောင့်နှစ်ဖက် တွေ့ဆုံဆွေးနွေး ရန်အတွက် နေရာကို ညှနှိုင်းနေဆဲ ဖြစ်သည်ဟု သူက မဇ္ဈိမကို ပြောသည်။
“ဒါပေမဲ့ အခုက မိုးတွင်းဖြစ်သွားတော့ အရင်လို ကားနဲ့သွားလို့မရတော့ဘူး။ ရာသီဥတုကြောင့် နေရာက ညှိနေတုန်းရှိသေးတယ်။ ဒီရက်ပိုင်းမှာတွေ့မယ်ဆိုတာကိုတော့ နှစ်ဖက်တော့ ပြောကြားကြပြီ”ဟု ဦးလှမောင်ရွှေက ပြောသည်။
တွေ့ဆုံမှုမှာ အစိုးရသစ်၏ ဖိတ်ခေါ်ချက်အရ တွေ့ဆုံမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ဝ အရာရှိတစ်ဦးက ပြောသည်။
ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သောအဖွဲ့သည် ဇွန်လ ၃ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မကြာမီ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ရန်နှင့် ညီလာခံ မကျင်းပမီ နိုင်ငံရေး မူဘောင် ပြည်လည် သုံးသပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။







