ပုဂ္ဂလိကမီဒီယာများကို စီးပွားရေးအရယှဉ်ပြိုင်နေခြင်းမဟုတ်ဟု ပြန်ကြားရေးဝန်ကြီးပြော

ပုဂ္ဂလိကမီဒီယာများကို စီးပွားရေးအရယှဉ်ပြိုင်နေခြင်းမဟုတ်ဟု ပြန်ကြားရေးဝန်ကြီးပြော
by -
မဇ္စျိမ
ပြည်သူများဖြင့် အပြန်အလှန်ဆက်သွယ်ရာတွင် ချောမွေ့စေရေးအတွက် ယခုအစိုးရ၏ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး ပုဂ္ဂလိကမီဒီယာများဖြင့် စီးပွားရေးအရယှဉ်ပြိုင်နေခြင်းမဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မေလ ၁၅ရက်က ပြုလုပ်သည့် မြန်မာ့မီဒီယာဖွံဖြိုးတိုးတက် လာစေရန်အတွက် ရည်ရွယ်ပြီး သက်ဆိုင်သူများစုံညီစွာ ပါဝင် နှီးနှောဖလှယ်သည့် ဒုတိယအကြိမ် မီဒီယာမူဝါဒဆိုင်ရာဆွေးနွေးပွဲ (Media Policy Dialogue) အပိတ်အမှာစကားတွင် ဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲအတွင်း မီဒီယာအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အစိုးရသတင်းစာများ ရှိခြင်း၊ မရှိခြင်းအပေါ် ဆွေးနွေးမှုများနှင့် ပတ်သက်၍ တုန့်ပြန်ပြောကြားခြင်းလည်းဖြစ်သည်။

"Private Media (ပုဂ္ဂလိကမီဒီယာ) ရဲ့ အဓိကပြိုင်ဘက်က State Media (နိုင်ငံပိုင်မီဒီယာ) တွေဖြစ်နေပါတယ်။ State Media တွေက စျေးကွက်ရရှိမှု၊ ဘတ်ဂျက်၊ ပုံနှိပ်တိုက်ရှိမှု၊ ခိုင်မာတဲ့ ဖြန့်ချိရေးစနစ်၊ ကြော်ငြာရရှိမှုတွေသာ နေပါတယ်။ ဒါကြောင့် မမျှတတဲ့ ယှဉ်ပြိုင်မှုဖြစ်နေပါတယ်။" ဟု မြစ်မခမီဒီယာ၏ အယ်ဒီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်က ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးဝန်ကြီးကလည်း “စီးပွားရေးအရယှဉ်ပြိုင်ဖို့အတွက် ဒီအလုပ်ကိုလုပ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အစိုးရနဲ့ပြည်သူအကြား ဆက်သွယ်ပြန်ကြားရမယ့် တာဝန်ကို ထမ်းဆောင်နေရခြင်းဖြစ်ပါတယ်”ဟု ပြန်လည် ချေပခဲ့သည်။

သို့သော် ပြန်ကြားရေးက ထုတ်ဝေနေသည့် စာနယ်ဇင်းများကြောင့် တချို့ပုဂ္ဂလိကမီဒီယာများတွင် ထိခိုက်သည်ဟုဆိုကာ စဉ်းစားပြီး နိုင်ငံပိုင်မီဒီယာများတွင် ကြော်ငြာထည့်သွင်းခြင်းကို လျှော့ပေါ့ရာ ကြော်ငြာရှင်များက မကျေမနပ် ပြောခြင်းကိုခံရကြောင်း ၎င်းကဆိုသည်။

“ကျွန်တော့်ထဲမှာ ကြော်ငြာအချပ်ပိုတွေ လျှော့လိုက်မယ်လို့ပြောတဲ့အခါမှာ အခုကြော်ငြာအချပ်ပိုသမားတွေက ပုဂ္ဂလိကသတင်းစာတွေ ရှင်သန်ဖို့ သူတို့စီးပွားပျက်ခံရမှာလားလို့ ပြောလာတာတွေရှိပါတယ်”၎င်းကဆိုသည်။

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံပိုင်အစိုးရအာဘော် မီဒီယာမရှိသင့်ကြောင်း အစိုးရတစ်ရပ်အနေဖြင့် နည်းပညာကို အသုံးပြုပြီး ပြည်သူထံ အချိန်နှင့်တပြေးညီ အစိုးရ၏ထုတ်ပြန်ချက်များကို ထုတ်ပြန်နိုင်ကြောင်း The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကပြောသည်။

သတင်းမီဒီယာကောင်စီမှ ဒေါက်တာမျိုးသန့်တင်ကလည်း "State Media ကနေ Private Media တွေကို ပံ့ပိုးရင်း တိုင်းရင်းသားမီဒီယာတွေကိုလည်း ဖွံ့ဖြိုးအောင် လုပ်ပေးရမယ်။ ဘာကြောင့်လဲဆိုတော့ State Media တွေမှာ လုပ်နိုင်တဲ့ အတိုင်းအတာတွေနဲ့ လုပ်ပိုင်ခွင့်တွေ ရှိနေလို့ပါတဲ့" ဟု သူ့အမြင်ကို ပြောကြားခဲ့သည်။

မြန်မာ့အရေးလေ့လာသူ Mr Kavi Chongkitavorn ကမူ "မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ တော်တော်လေး မြန်ဆန်ပါတယ်။ ကမ္ဘာမှာ အမြန်ဆုံးလို့တောင်ပြောလို့ရပါ တယ်။ ဒါကြောင့် အလွှာစုံက ချိန်ညှိပြီး လုပ်သင့်ပါတယ်။ အပြောင်းအလဲတွေ လုပ်တဲ့အခါမှာ အားလုံးက ညီညီမျှမျှအခွင့်အလမ်းရအောင် လုပ်သင့်ပါတယ်။ "ဟု ထောက်ပြ ပြောဆိုခဲ့သည်။

ပြန်ကြားရေးသည် ဝါဒဖြန့်ရန်မဟုတ်ဘဲ ပြည်သူများကို အသိဉာဏ်ပေးရန်အတွက်ဖြစ်ကြောင်း လတ်တလောအခြေအနေတွင် မူဝါဒနှင့် လက်တွေ့အကောင်အထည်ဖော်မှုကြားတွင် ကွာဟမှုမဖြစ်ဖို့ စိတ်ရှည်ပြီး စောင့်ရန်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးကော်မတီဝင် ဦးအောင်ရှင်ကပြောသည်။

တက်ရောက်ဆွေးနွေးမှုများကို နားထောင်ကြည့်သည့်အခါတွင် အချက်နှစ်ချက်ကို သွားတွေ့ရကြောင်း၊ပြန်ကြားရေးမရှိသင့်ဘူးဆိုသည့်အချက်နှင့် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာဖွံ့ဖြိုးတိုးတက်ရန်အတွက် ကူညီရန်ဆိုသည့်အချက်ဖြစ်ကြောင်း၊ ယင်းအချက်များကိုကြည့်၍ ပြန်ကြားရေးဆိုသည့် သစ်ကိုင်းတွင် ထိုင်လည်းထိုင်ချင် ခုတ်လည်းခုတ်ချင်သည့် သဘောထားကိုတွေ့မြင်ရကြောင်း ဝန်ကြီး ဦးဖေမြင့်က ပြောကြားသည်။

ဒုတိယအကြိမ် Media Policy Dialogue အား ဆွီဒင်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် မဇ္ဈိမမီဒီယာနှင့် Action Aid Myanmar တို့ ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။

ပထမအကြိမ် Media Policy Dialogue ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သေးသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...