အဆိုပါလမ်းလျှောက်ပွဲကို နေ့လည် ၃နာရီခွဲတွင် ဘဟာအီရုံးချုပ်အနီး(ကျောက်မြောင်း မီးပွိုင့်လမ်းဆုံ) မှစတင်ကာ ဗညားဒလလမ်း၊ သိမ်ဖြူလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းတစ်လျောက်၊ မဟာဗန္ဓုလ ပန်းခြံအထိ လျှောက်ခဲ့ကြပြီး ဘာသာပေါင်းစုံမှ ပြည်သူ (၆၀)၀န်းကျင်ခန့် ငြိမ်းချမ်းစွာပါဝင်ခဲ့ကြသည်။
လမ်းတစ်လျှောက်ရှိ ဘာသာရေးအဆောက်အအုံများရှေ့တွင်လည်း တစ်မိနစ်ခန့်ငြိမ်သက်စွာ ရပ်နေခြင်းဖြင့် လေးစားမှုကိုပြသခဲ့သည်။
မဟာဗန္ဓုလပန်းခြံ ရှေ့ရောက်သောအခါ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းသားများ(YSPS)မှ ကိုထက်အောင်လင်းက ပွဲကျင်းပရခြင်း၏ သဘောထားထုတ်ပြန်ချက်နှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆစ်ခ်လူငယ် သာရေးနာရေးအဖွဲ့မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ဘာသာကြီးလေးခုမှာ တကွဲတပြားစီဖြစ်နေသဖြင့် ညီညွတ်ချစ်ကြည်စေချင်သောဆန္ဒကြောင့် ဤပွဲကိိုပါ၀င် ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း အဆိုပါပွဲအဆုံးထိ လိုက်ပါခဲ့သော အရှင် နာဂဝံသက မဇ္စျိမကို ဖြေကြားခဲ့သည်။
“အရင်တိုင်းဆက်လျှောက်လို့ သက်ဆိုင်ရာက အရေးယူမယ်ဆိုလည်း ဘာမှ မတုံ့ပြန်ပါဘူး။ ဒီလိုပွဲမျိုးတွေကိုလည်း အစိုးရဘက်က ခွင့်ပြုပေးသင့်ပါတယ်။ပဋိပက္ခဖြစ်အောင်လုပ်နေတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတာမို့ ဒီပွဲမျိုးများများလုပ်လေ ကောင်းလေပါပဲ” ဟု ပါ၀င်ဆင်နွှဲခဲ့သူ ကိုထွန်းထွန်းလင်းက ဆိုသည်။
အဆိုပါပွဲကျင်းပနေစဉ်တွင်း အခြားအဖွဲ့ဝင်မဟုတ်သူတစ်ဦးက လှုံ့ဆော်သည့် သဘောထားများပါ၀င်သော စာရွက်စာတမ်းများ လိုက်လံဝေငှနေခြင်းအပေါ် “ကျွန်တော်တို့အဖွဲ့က သဘောထားထုတ်ပြန်ချက်က လွဲရင် ဘာစာရွက်မှမဝေပါဘူး။ စာရွက်စာတမ်းဝေခြင်းဟာ အဲ့လူရဲ့ ပုဂ္ဂလိကပိုင်းနဲ့ပဲဆိုင်ပါတယ်။ အဲ့လိုဝေငှနေတဲ့ စာရွက်တွေဟာ ကျွန်တော်တို့ရဲ့ သဘောထားတွေမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့ လှုံ့ဆော်စာတွေ ဝေငှနေတဲ့သူကို ကျွန်တော် အံ့သြမိပါတယ်။အဲ့လူ အရှက်မရှိပါဘူး” လို့ ကိုထက်အောင်လင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
ပွဲကျင်းပရာ လမ်းတစ်လျှောက်တွင် ရဲတပ်ဖွဲ့များက ထပ်ကြပ်မကွာလိုက်ပါခဲ့သော်လည်း တစုံတရာ တားဆီးပိတ်ပင်ခဲ့ခြင်း မရှိပေ။







