ရခိုင်စစ်ပွဲ အပစ်ရပ်ရုံနှင့် စစ်ဘေးရှောင်ပြဿနာ မပြေလည်နိုင်ဟု ခမီပါတီ ပြောကြား

ရခိုင်စစ်ပွဲ အပစ်ရပ်ရုံနှင့် စစ်ဘေးရှောင်ပြဿနာ မပြေလည်နိုင်ဟု ခမီပါတီ ပြောကြား
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၅ နှစ် ဧပြီလမှ စတင်ကာ ဖြစ်ပွားနေခဲ့သည့် ရက္ခိုင့်တပ်မတော် AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွားများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ ကြံုတွေ့နေကြရသော အခက်အခဲများကို နှစ်ဖက် အပစ်ရပ်စဲနေရုံဖြင့် လုံလာက်မှု မရှိနိုင်ကြောင်း ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးရွှေဘော်စိန်က ပြောကြားလိုက်သည်။

“ရခိုင်ဒေသတွင်း ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ နေရာတွေဟာ ကျွန်တော်တို့ ခမီအပါအဝင် တိုင်းရင်းသားတွေ အဓိကနေထိုင်တဲ့ နယ်မြေဒေသဖြစ်နေတယ်။ ကျွန်တော်တို့က တောင်ယာလုပ်ငန်းကို အခြေခံပြီး လုပ်ကိုင်တဲ့သူတွေဖြစ်ပါတယ်။ အခုအချိန်ဟာ ခုတ်ထွင်ထားတဲ့ တောင်ယာတွေကို ကောက်စိုက်ရမယ့် အချိန်ဖြစ်နေပြီ။ ရခိုင်အပါအဝင် တိုင်းရင်းသားတွေဟာ အလုပ်အကိုင်နဲ့ နယ်မြေတွေကို စွန့်ခွာပြီးတော့ ဝေးလံတဲ့ နေရာတွေကို ထွက်ပြေးနေကြရပါတယ်။ ဒါကြောင့် စားဝတ်နေရေးအတွက် အလုပ်လုပ်ချိန်တွေကို ဘေးဖယ်ထားရတဲ့အတွက် လစ်ဟင်းမှုတွေ ဖြစ်နေပါတယ်။ အဲဒီကိစ္စအပေါ်မှာ မြန်မာအစိုးရနဲ့ ရက္ခိုင့်တပ်မတော်တို့ကို တောင်းဆိုတာပဲဖြစ်ဖြစ်။ လိုလားတာပဲဖြစ်ဖြစ် တိုက်ပွဲတွေရပ်ပါလို့ ဆိုရုံလောက်နဲ့ မလုံလောက်နိုင်ပါဘူး။ ဒီတိုင်းရင်းသားတွေရဲ့ကြံုတွေ့လာရမယ့် အခက်အခဲဖြစ်တဲ့ ဝမ်းစာရေးအတွက်ကို ဖြေရှင်းနိုင်ဖို့အတွက် အဖြေတစ်ခုကို တော့ရှာပေးသင့်ပါတယ်။”

ရက္ခိုင့်တပ်မတော်နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် အတွက် ဝေးလံ ဒေသများတွင် နေထိုင်လျှက်ရှိကြသည့် ရခိုင်တိုင်းရင်းသားများမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြရာ တိုက်ပွဲများ ရပ်နားသွားသည့်အချိန်အထိ ယင်းဒေသခံများမှာ နေရပ်သို့ မပြန်နိုင်ကြသေးသည့် စစ်ဘေးရှောင်ဒုက္ခသည် ၁၁၀၀ ဦးရေထိ ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ် အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်ထွက်ပြေးနေကြရသော ဒုက္ခသည်များကို နေရပ်သို့ အမြန်ဆုံးပြန်လည်နေရာချပေးထားနိုင်ရေးအတွက် ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ထည့်သွင်းပြောကြားခဲ့သော်လည်း လက်တွေ့တွင် စစ်ဘေးရှောင်အများစုက နေရပ်ပြန်ရန် ကြောက်လန့်မှုများ ရှိနေဆဲဖြစ်ကြောင်း ဦးရွှေဘော်စိန်က မဇ္ဈိမကို ဆက်လက် ပြောကြားခဲ့သည်။

“အခုထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ လူဦးရေအားဖြင့်လည်း မနည်းပါဘူး။ သူတို့တွေရဲ့ စားဝတ်နေရေးကို ကျွန်တော်တို့အနေနဲ့လည်း မဖြေရှင်းနိုင်ပါဘူး။ နိုင်ငံတကာက ထောက်ပ့ံပေးထားတဲ့ ပိုက်ဆံတွေလည်း အဲဒီဒေသကို အလုံအလောက်မရောက်နိုင်ပါဘူး။ ဒါကြောင့် သူတို့မှာ စားရေးသောက်ရေး အခက်ခဲ၊ နေရေးထိုင်ရေးအခက်အခဲ၊ အဝတ်အစားအခက်အခဲ၊ ကျန်းမာရေး အခက်အခဲတွေဖြစ်နေတဲ့အတွက် တာဝန်အရသွားပြီး ကူညီပေးကြပေမယ့် သူတို့ နေထိုင်တဲ့ဒေသတွေမှာ လုံလုံခြံုခြံုနဲ့ပြန်နေနိုင်ဖို့အတွက် လုပ်ပေးဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။"

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်များ ရပ်စဲနိုင်ရေးအတွက် မြန်မာ့တပ်မတော်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး (ဟောင်း) ဦးခင်ဇော်ဦး ဦးဆောင်သည့်အဖွဲ့နှင့် AA ကို အလွတ်သဘောတွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း ရက္ခိုင့်တပ်မတော်ဘက်မှ အလွတ်သဘောတွေ့ဆုံမှု မပြုလုပ်လိုကြောင်း ငြင်းပယ်ခဲ့သည့်အပြင် ကရင်ပြည်နယ်အခြေစိုက် DKBA မှ ရက္ခိုင့်တပ်မတော်၏ စစ်ကူများလည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည်ဟု သတင်းများထွက်ပေါ်နေသဖြင့် တိုက်ပွဲများ ပြန်လည်မြင့်တက်လာမည်ကို   ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...