အဆိုပါမြို့လူထု အစည်းအဝေးသို့ မြောက်ဦးမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ စိတ်ဝင်စားသူများနှင့် နိုင်ငံရေး ပါတီများဖြစ်ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ခမီအမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အပါအဝင် လူအင်အား ၂၀၀ ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ယင်းအစည်းအဝေးမှ တိုက်ပွဲများဖြစ်ပွားနေမှုအား ရပ်တန့်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီနေ့လုပ်တဲ့ အစည်းအဝေးမှာ လက်ရှိမြန်မာနိုင်ငံအတွင်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်တွေကို ရပ်တန့်ပေးပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ညီလာခံကြီး ပြုလုပ်ပေးဖို့ အတွက် တောင်းဆိုမှုတွေ ပြုလုပ်သွားဖို့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေ ရပ်မိရပ်ဖတွေက သဘောတူဆုံးဖြတ်ခဲ့ပါတယ်”ဟု မြောက်ဦးမြို့ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောသည်။
ယနေ့ပြုလုပ်ခဲ့သည့် မြောက်ဦး လူထုအစည်းအဝေးက အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ပြုလုပ်ပေးရန်အတွက် လူထုတောင်းဆိုမှုများကို ပထမအဆင့် အနေဖြင့် မေလ ၁ ရက်နေ့တွင် ပြုလုပ်ပြီး ဒုတိယအကြိမ်အဖြစ် မေလ ၈ ရက်နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ကာ တစ်စုံတစ်ရာ ထူးခြားမှုမရှိလာပါကာ ဆက်လက်ပြီး တောင်းဆိုမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သူကဆိုသည်။
“လူထုတောင်းဆိုမှုတွေ ပြုလုပ်ပြီးတော့ စောင့်ကြည့်မယ်။ အခြေအနေ အပြောင်းအလဲမရှိလာလို့ရှိရင် ဆက်လက်ပြီးတော့ ဆန္ဒဖော်ထုတ်မှုတွေ လုပ်သွားမယ်။ နောက်တစ်ဆင့်အနေနဲ့ အားလုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတတို့ဆီကို စာတွေရေးသားပေးပို့သွားမယ် ဆိုပြီးတော့ ဒီနေ့ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခုက ဒေသတွင်းတိုက်ပွဲတွေ အတွင်းမှာ ရှိနေတဲ့ ကျေးရွာတွေက ဒေသခံတွေကို ပေါ်တာဆွဲဲခြင်း၊ အဓမ္မဖမ်းဆီးနှိပ်စက်ခြင်းတွေ မပြုလုပ်ဖို့အတွက်ကိုလည်း တောင်းဆိုသွားဖို့အတွက် ဆွေနွးခဲ့ပါတယ်”ဟု သူကဆိုသည်။
ယင်းအပြင် ပုဒ်မ ၁၇/၁-၁၇/၂ နဲ့ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုမှုများ ပြုလုပ်သွားရန် လူထုမှ တောင်းဆိုလာသည့် သဘောဆန္ဒများကို လိုက်လျောမှု မရှိလာပါက ထပ်ဆင့် အရှိန်မြှင့်လှုပ်ရှားသွားကြရန်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တောင်းဆိုထားသည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည့် သဘောထားများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်ဘက်မှ သဘောထားကြီးကြီးဖြင့် လက်ခံဆွေးနွေးသင့်ကြောင်း အစည်းအဝေးတက်ရောက်လာသူများက ပြောကြားခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့နယ်တွင် လူထုအစည်းအဝေးကြီးတစ်ရပ်ကို ခေါ်ယူခဲ့ပြီး စစ်ပွဲများရပ်တန့်ပေးဖို့ မေလ ၁ ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင် ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရများကို စစ်ပွဲများရပ်တန့်ရေး တောင်းဆိုခဲ့သည်။







