ဗိုလ်ချုပ်မှူးကြီးကို သိက္ခာချသည်ဟု စွပ်စွဲခံရသူကို ချက်ချင်း ရုံးထုတ်

ဗိုလ်ချုပ်မှူးကြီးကို သိက္ခာချသည်ဟု စွပ်စွဲခံရသူကို ချက်ချင်း ရုံးထုတ်
by -
မဇ္ဈိမ
ကာကွယ်ရေး ဦးစီးချုပ်ကို သိက္ခာချသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဒုတိယဗိုလ်မှူးကြီး ကျော်ထင်၏ တိုင်ကြားခြင်းခံခဲ့ရသူ မချောစန္ဒီထွန်းသည် အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာ ၁၃ ရက် နံနက်တွင် ချက်ချင်းရုံးထုတ် စစ်ဆေးခဲ့သည်ဟု အမှုကို လိုက်ပါကူညီပေး နေသူ မအူပင်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ဦးတိုင်းခေါင်က မဇ္ဈိမသို့ ပြောသည်။

“ဒီနေ့မနက် ချက်ချင်းရုံးထုတ်တယ်။ ဘာမှ မစစ်ဘူး။ ယမန် ၂ပတ်ယူပြီး မအူပင် ရဲစခန်းမှာ ထပ်ချုပ်ထားတယ်။ လာမယ့် ၂၇ ရက်ကို ထပ်ရုံးထုတ်စစ်ဆေးမယ်လို့ တရားရုံးက ရက်ပြန်ချိန်းလိုက်တယ်”ဟု ပြောသည်။

အောက်တိုဘာ ၁၂ရက်၊ ည ရနာရီ အချိန် အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီး ကျော်ထင်က မအူပင်ရဲစခန်းတွင် မချောစန္ဒီထွန်းကို အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၄(ဃ) (ပ) ၂၉၄/၂၀၁၅ ဖြင့် တိုင်ချက်ဖွင့် ခဲ့ခြင်းဟု မအူပင် မြို့မရဲစခန်းမှ အမည်မဖေါ်လိုသူ တာဝန်ကျ ရဲအရာရှိက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက ရရှိထားသည့် ရဲမှတ်တမ်းတွင် မချောစန္ဒီသည် အစိမ်းရောင် လုံခြည်ဝတ်ဆင်ထားသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေပုံနှင့် အစိမ်းနုရောင် တပ်မတော်ဝတ်စုံ ဝတ်ဆင်ထားသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံကို ယှဉ်တွဲဖေါ်ပြလျက် “အမေစု ဝတ်တဲ့ ထမိန်အရောက် ကြိုက်လို့တဲ့ သူတို့ ချုပ်ဝတ်ကြလေပြီ”ဟု ရေးသားထားကြောင်း ဖေါ်ပြထားသည်။

ထို့ကြောင့် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်၊ ဂုဏ်သိက္ခာကျ စေရန် သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်းကြောင့် အရေးယူပေးရန် ဒု ဗိုလ်မှူးကြီး ကျော်ထင်က တိုင်ကြားခြင်းဟုလည်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

အဆိုပါ တိုင်တန်းအမှုဖွင့်မှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဧရာဝတီတိုင်း မဲဆန္ဒနယ် အမှတ် ၁ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇော်မိုးက “အာဏာရှိသူက ထပြီး လုပ်တာက ညီမျှမှုမရှိဘူး၊ လူကြီးနဲ့ ကလေးရန်ဖြစ်တာ လူကြီး အနိုင်ရတယ် ဆိုပေမယ့် ရှက်ဖို့တော့ ကောင်းတာပေါ”ဟု ပြောသည်။

အီလက်ထရွန်နစ် ဥပဒပုဒ်မ ၃၄(ဃ)တွင် အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးကို၊ ထိခိုက်နစ်နာ စေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ ပြုလုပ်ခြင်း၊ ပြုပြင်ခြငး်၊ သို့မဟုတ် ပြောငး်လဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်းဟု ပြဌာန်းထားသည်။

အဆိုပါ ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီလက်ထက် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ၂၀၀၄ ခုနှစ် အရောက်တွင်မူ အဆိုပါ ဥပဒေကို ပြန်လည်ပြင်ဆင်လိုက်ပြီး ပုဒ်မ ၃၃ တွင်ပါရှိသော “အနည်းဆုံး ရ နှစ်မှ အများဆုံး ၁၅ နှစ်အထိ”ဆိုသည့် စကားရပ်အစား “အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ”ဟု ပြန်လည်ပြောင်းလဲခဲ့သည်။

ဥပဒေ ပုဒ်မ ၃၄ တွင်ပါရှိသော “ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်”ဆိုသည့် စကားရပ်အစား “ငွေဒဏ်ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်း တစ်ရာအထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်”ဟု ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

အဆိုပါ ဥပဒေဖြင့် အနုပညာရှင် ဦးသူရ ခေါ် ဇာဂနာ၊ ဘလော့ဂါ ကိုနေဘုန်းလတ်၊ ၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်တို့ အပါအဝင် နိုင်ငံရေးသမားများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ ထောင်ဒဏ်နှစ်ရှည် ကျခံခဲ့ရဖူးသည်။

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...